Monday, July 20, 2009

၂၄ နှစ်ပြည့်မွေးနေ့ ....အမှတ်တရ..

မွေးနေ့မှာ ဘာတွေလုပ်လဲ ဆိုတော့ဘာမှမလုပ်ပါဘူး... ဒါပေမယ့် တစ်သူငယ်ချင်းတစ်ချို့က ၀ိုင်းကူညီကြမယ်ဆိုလို့... Sembawang ဘုန်းကြီးကျောင်းမှာ...အာရုံဆွမ်းကျွေးဖို့ ....လုပ်ဖြစ်သွားတယ်။ အစကတော့ ဆွမ်းကပ်မယ်ပေါ့ ...နောက်တော့ ချက်ဖို့နေရာအခက်အခဲကြောင့် မုန့်ဟင်းခါးကိုချက်ပြီး အာရုံဆွမ်းကပ်လိုက်တယ်။ တနင်္ဂနွေနေ့မနက်ကပါ...ကျောင်းမှာ ဘုန်းဘုန်းတစ်ပါးပဲကျန်တယ်... ကျန်တဲ့ ဘုန်းဘုန်းတွေက အပြင်ကို ဆွမ်းစားကြွဖို့ ဖိတ်ထားလို့ ကြွကြရတယ်။တရားနာတယ် ငါးပါးသီလယူတယ်။
PhotobucketPhotobucketPhotobucket
ပြီးတော့..၊
ဗိုက်ဆာဆာနဲ့ မုန့်ဟင်းခါးကို အ၀စားလိုက်တယ်။နောက်တော့ ပန်းကန်တွေဆေးတာပေါ့။
PhotobucketPhotobucket
PhotobucketPhotobucket
Photobucket
ပြီးတော့ ဘုန်းကြီးကျောင်းအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ကြတယ်။
PhotobucketPhotobucket
အဲဒီနောက် သူငယ်ချင်းအားလုံးပေါင်း ( ၇) ယောက် စုပြီးဓါတ်ပုံရိုက်ချင်တာ ရိုက်ပေးမယ့်လူမရှိတာနဲ့ အနားမှာတွေ့တဲ့ အမှိုက်ပုံးပေါတင်ပြီးတော့ ပဲရိုက်လိုက်ရတယ်။
Photobucket
ပြီးတော့ Sembawang ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ကြတယ်။ဒီနေရာလေးက အနားယူလို့ကောင်းပါတယ်။ သစ်ရိပ်၊ ၀ါးရိပ်နဲ့ စိမ်းပြီးအေးတယ်။ တိုက်တွေ၊ အိမ်တွေ ၊ကားသံတွေနဲ့ ဝေးတယ်။

PhotobucketPhotobucket
Photobucket

စနေနေ့ ညကလည်း မအိပ်ရသေးဆိုတော့။ တအောင့် ကြာတော့ အားလုံးအိမ်ပြန်အိပ်မယ် ဆိုပြီးပြန်လာကြတာ။ အိမ်ရောက်တော့ မအိပ်ဖြစ်ပါဘူး မုန့်ဟင်းခါးတွေကို မစားရတာကြာလို့ ဆိုပြီး မကုန်မချင်းထိုင်စားရင် RED-Cliff ကို I ရော IIရော ထိုင်ကြည့်လိုက်တယ်။ ညနေရောက်တော့ တော်တော်ပင်ပမ်းနေကြပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ ပျော်စရာကောင်းတဲ့နေ့လေး တစ်ရက်တော့ ဖြစ်ခဲ့ ပါတယ်။ အဲ့ ဒီအတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်ကွာ.....

အမေ့ ..........ဆီသို့........

၂၀ရက်၊ ဇူလိုင်လ၊ ၂၀၀၉ ခုနှစ် တနင်္လာနေ့သည် ကျွန်တော်လူလောကထဲကို ရောက်ရှိခဲ့ခြင်း၏ ၂၄ နှစ် ပြည့်သောနေ့ပါ။ အရွယ်ရောက်ပြီးမှ ကျင်းပရသော မွေးနေ့ပွဲများသည် ငယ်ငယ်ကလုပ်ခဲ့ဖူးတဲ့ မွေးနေ့ပွဲတွေလောက် စိတ်ဝင်စားဖို့မကောင်းတော့ပါ။ အကယ်ဖြစ်နိုင်လျင် ကျွန်တော်အသက် ပြန်ငယ်ချင်သေးသည်။ အချိန်ကတော့ ပုံမှန်လည်ပတ်နေတာပါ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့။ သို့သော် မွေးနေ့ဆိုတာ ရောက်လာတိုင်း တစ်နှစ်ကြီးသွားတဲ့ ကိုယ့်အသက်အတွက် ပြန်စဉ်းစားကြည့်တယ်။ မနှစ်က မွေးနေ့တုန်းက ကြုံးဝါးခဲ့တဲ့ ကျွန်တော ရည်ရွယ်ချက်တွေ၊ အနာဂတ် Plan တွေ ခုတကယ် ဖြစ်လာပြီလား။ တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ပန်းတိုင်ကိုရောက်ဖို့ ဘယ်လောက်ထိလျောက်လှမ်းနိုင်ခဲ့လဲ။ ပြန်စဉ်းစားကြည့်လိုက်တယ်။ တွက်ချက်ကြည့်လိုက်တယ်။ ခြေပစ်လက်ပစ် အော်ငိုချင်စိတ်ပေါက်သွားတယ်။ စိတ်ဓါတ်တွေ ထိုးဆင်းသွားတယ်။ နာရီပေါင်း ၈၇၆၀ အတွက် ငါဘာတွေလုပ်ခဲ့မိလဲ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်တွေ မကျပါဘူး။ နောင်တလဲ မရဘူး။ ကျွန်တော်အကောင်းဆုံး လုပ်နိင်ခဲတာတွေ ရှိပါသေးတယ်။ ထိုအတူ လွန်ခဲ့သော ၂၄နှစ် က အသက်ကိုရင်းပြီးမွေးဖွားပေးခဲ့တဲ့ အမေ့ရဲ့နေ့တစ်ရက်သည် ကျွန်တော့် ကြောင့် ဘယ်တော့မှ အချည်းအနှီးမဖြစ်စေရပါဘူး.....အမေ။
သားအဝေးကနေပဲ ဦးချကန်တော့လျက်
အမေ ပေးသော ဒီခန္တာကိုယ် ကို အမေလေ့ကျင့်ပေးခဲ့သော ကျွန်တော့်ရဲ့ စိတ်တို့ဖြင့် မကောင်းမူတို့မှ ကင်းဝေးအောင်။ အသက်၊ ဘေးဥပါဒ်အန္တရယ်တို့မှကင်းအောင်။ အများသူငါ လူအပေါင်း၏ မုန်းတီးကဲ့ရဲ့ ခြင်းတို့မှ ကင်းဝေးအောင် အမေ့ သား ကောင်းစွာထိန်းသိမ်းစောင့်ထားပါတယ် ...အမေ။

Saturday, July 18, 2009

For a Very Special Friend on Your Birthday !!!

To My dear deep!!

There are so many things
to do each day
There is so much going on in the world of great concern
that often we do not stop and think about
what is really important to us
One of the nicest things in my life
is my friendship with you
and even if we don´t have a lot of time
to spend with each other
I want you to always know
how much I appreciate you
and our friendship

Yours Pooh!!!

Tuesday, June 9, 2009

LG K 910 လေ ကို ဆေးခန်းသွားပြတဲ့ နေ့

သူငယ်ချင်းတွေ နဲ့ ချိန်းထားလို့ City Hall ကို သွားတယ်...ကြေးအိုးဆီချက် တစ်ပွဲစားပြီး ရုပ်ရှင်သွားကြည့်ကြတယ်... Blood: The Last Vampire ,,အစကတော့ မကြည့်ဖြစ်တော့ဘူးထင်နေတာ သူငယ်ချင်းတစ်ယောက်က မကောင်းဘူးပြောလို့...ဒါပေမယ့် အဲကားပဲကြည့်ဖြစ်ပါတယ် မင်းသမီးလေးကို သဘောကျလို့လေ... အာရှမင်းသားမင်းသမီးတွေ အနောက်တိုင်းသားတွေနဲ့ တွဲရိုက်ရင်သဘောကျတယ်...သူတို့ Speaking Skill တွေက တော်တော်မြင့်တယ်... အထူးသဖြင့် ကိုရီးယားမင်းသား၊ မင်းသမီးတွေကို သဘောကျတယ်...အထူးသဖြင့် "Love Story in Harvard" လိုမျိုးကားတွေပေါ့(ဥပဒေ ကျောင်းတက်နေတုန်းက ကြည့်ဖြစ်တာဆိုတော့ ပိုပြီး သဘောကျခဲ့တာပေါ့ )


ရုပ်ရှင်ကြ့ည်ပြီးတော့ Vivo City ပေါ် တက်ပြီး ရေထဲမှာ ကစားကြတယ်...ဓါတ်ပုံတွေရိုက်ကြတယ်...ကျွန်တော့ ဖုန်းလေးက အနားယူနေရလို့ သူငယ်ချင်းတွေ ရဲ့ ဖုန်းနဲ့ပဲ ဓတ်ပုံရိုက်ခဲ့ရတယ်...သူနေမကောင်းတာ တော်တော်ကြာပြီ ခုဒီအတိုင်းထားလို့မဖြစ်တော့ဘူးဆိုပြီး ၀၇.၀၆.၀၉ (တနင်္ဂနွေနေ့) ကဆေးခန်းလာပြရတာ..Vivo City မှာပေါ့ ဒေါက်တာက ထားခဲ့ ရမယ်ဆိုတာနဲ့ ထားခဲ့လိုက်ရတယ် အခြေအနေကို ဖုန်းဆက်ပြောမယ်တဲ့...ဒါတွေကတော့ ရိုက်ခဲ့တဲ့ဓါတ်ပုံတစ်ချိုပေါ့...
Photobucket
Photobucket

ဒါကတော့ ဓါတ်ပုံတွေကို ကြိုးစားပမ်းစားရိုက်ပေးခဲ့တဲ့ ဓါတ်ပုံဆရာမပါ ...
Photobucket
Photobucket


ဒါကတော့ စလုံးမှာ အလုပ်ရှာရခက်ရင် အဆင်ပြေနိုင်တဲ့ အခွင့်အလမ်းတစ်ခုပါ...အရုပ်သေးသေးလေးတစ်ခု ကို 6 sg$ တဲ့ ပုံမုန်လောက်ဆို 10 sg$ လောက်ရနိုင်တယ်... ပညာက အဓိကပဲလေ အရင်အနှိးက ဘာမှရှိတာမှမဟုတ်တာ ... ၀င်ငွေကောင်းကောင်းတော့ရနိုင်တယ် ...ကျွမ်းကျင်အောင် ရန်ကုန်မှာ သင်တန်းတွေ ရှာတက်ထားရင်ပိုအဆင်ပြေမယ်ထင်တယ်...(စတာနော် ဟီဟီ) ၀င်ငွေကောင်းတယ် ဆိုတာတော့ အတည်ပြောတာ
Photobucket

Thursday, May 7, 2009

အဖွား မွေးနေ့ (မေလ ၁၀ ရက်နေ့)

သို့
အဖွား မြေးတေဇာ စာရေးလိုက်ပါတယ်။ အဖွား မွေးနေ့ အတွက် သား မွေးနေ့ လက်ဆောင်လေး ထည့်ပေးလိုက်တယ်။ အဖွား ကြိုက်မယ်လို့တော့ ထင်ပါတယ်။ သား လည်းဘာဝယ်ပေးရင် ကောင်းမလဲ စဉ်းစားတာ စဉ်းစားလို့မရဘူးဖြစ်နေတာ နောက် တော့ စနေ၊ တနင်္ဂနွေတွေမှာ မနက်မိုးမလင်းခင် ရောက်ရောက်လာတက်တဲ့ အဖွားရဲ့ ပုံရိပ်တွေ ပြန်သတိရမိတော့ အဖွားကို မာဖလာလေးဝယ်ပေးမယ်လို့ စိတ်ကူးရသွားတယ်။ နောက်မေကြီးကို ဖုန်းဆက်ရင်း အဖွားကိုဘာဝယ်ပေးရင် ကောင်းမလဲ မေးကြည့်တော့ မေကြီးကလည်း မာဖလာလေး ၀ယ်ပေးလိုက်ရင်ကောင်းမယ်လို့ ပြောတော့ သား စဉ်းစားထားတာနဲ့ တူသွားပြီဆိုပြီ အဖွားတွက် တစ်ခု ၊ မေကြီး အတွက်တစ်ခု ၀ယ်ပေးလိုက်တယ်။ သား ရဲ့ အဖွား အမြဲတမ်း ကျန်ကျန်မာမာ၊ ပျော်ပျော်ရွှင်ရွှင် နဲ့ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေလို့ သား ဘုရားမှာ ဆုတောင်းပေးရင်း အဝေးကနေပဲ ဦးချကန်တော့ လိုက်ပါတယ်။
အရင် တုန်းက သား မွေးနေ့တွေဆို အဖွား ပဲ ချက်ပြုတ်ပေးခဲ့တာနော် ။ အဖွားမွေးနေ့ ဆိုလည်း မြေးတွေ စားဖို့ ချက်ရပြုတ်ရနဲ့ အဖွားတော်တော်လေး ပင်ပမ်းခဲ့မှာပဲ။ သား ဘယ်တော့မှမမေ့ ပါဘူး ။ ခုမွေးနေ့ မှာ ရော အဖွား ဘာတွေချက်လဲ ဟင်။ သား သာကေတ အထိ အရောက်လာချင်တာ အဖွား ချက်ကျွေးတာတွေ စားချင်လို့ လေ။ အဖွား အတွက် ချောင်းဆိုးပျောက်ဆေး ၀ယ်ပေးမလို့ စဉ်းစားသေးတယ် အဲဒါတွေက ပို့လို့မရဘူးဆိုလို့ မပို့ဖြစ်တော့တာ ခုရော ချောင်းတွေ ဆိုးနေသေးလား ကျန်းမာရေးဂရုစိုက်နော် အဖွား ။ ဒါနဲ့ မျက်လုံးခွဲထားတာရော အဆင်ပြေလား အဖွား ။ အဝေးကြီးတွေ မသွားနဲ့တော့ နော် ရန်ကုန်မှာ နေအရမ်းပူနေတယ် ပြောတယ်။ ပြန်လာရင် အဖွားဆီမှာ ဟင်းချက်နည်းတွေ တင်ရဦးမယ် ဒါမှ ဒီကို ပြန်ရောက်ရင် ပိုအဆင်ပြေမှာ။
နောက်တခုက အဖွားလည်းလိုတာရှိရင် မေကြီးကနေတဆင့်မှာနော် သိလား။ ဘာမှအားမနာနဲ့နော်။ အရင် တုန်းကဆို အဖွားပဲ သားကို မုန့်တွေ ကျွေး ၊မုန့်ဖိုးတွေ ပေး နဲ့ ဂရုစိုက်ခဲ့တာ အခုအဖွားလိုတာမှန် သမျှသားကိုပြော သား မှာဖြည့်ဆည်းပေးဖို့ အင်အားတွေ အတော်အသင့် ရှိနေပါပြီ။ ပြီးတော့ ပြေးကြည့်မှ အမျိုးဆိုလို့ ဒီလူတွေပဲရှိတာ ဒါတောင်တော်သေးတယ် အဖွား က ကလေး ၄ ယောက်မွေးလိုက်သေးလို့ မဟုတ်လို့ကတော့ အမျိုးဆိုရင် မှန်ဘီလူးနဲ့ တောင် လိုက်ရှာချင်ရှာနေရမှာ။
သား အားလပ်တဲ့ အခါ စာထပ်ရေးလိုက်ပါဦးမယ်…သား အဖွားတို့ကို အမြဲ သတိရနေပါတယ် …………………………

ချစ်သော မြေး တေဇာ

Tuesday, May 5, 2009

မေကြီးမွေးနေ့(မေလ ၂၀ ရက် )

မေကြီးရေ …
သားမေကြီးကို အရမ်းလွမ်းနေတယ်။ မေလ ၁၀ ရက်နေ့က Mother’s Day လေ။ သူငယ်ချင်းတွေ ဆီက မေးလ်တွေ ရတော့ပိုပြီးသတိရတယ်။ မေကြီးလည်းတစ်ယောက်တည်း ပျင်းနေမှာပေါ့နော်။ သား တခါတလေ စဉ်းစားမိတယ်သိလား ရန်ကုန်မှာပဲ မေကြီးနဲ့ ပြန်လာနေတော့မလားလို့။ သား ခဏခဏ ပြောဖူးတယ်နော် မေကြီးဘေးမှာ သားကို ရှိစေချင်ပြီဆို သားကိုပြော သား ရအောင် စီစဉ်ပေးမယ်။
နောက်တစ်ခုက မေကြီး ပျော်အောင်နေပါ…ခုချိန်မှာ အမေ စိတ်ချမ်းသာဖို့၊ ပျော်ဖို့ ကို ဘယ်လိုလုပ်ပေးရမလဲဆိုတာပဲ သားခေါင်းထဲမှာ ရှိတယ်။ အမေ သားတို့ဖြစ်ချင်တာတွေက ခုချိန်မှာအားလုံးဖြစ်နေပြီပဲ သားတို့်သားအမိအတွက် ဘာလိုသေးလို့လဲ။ ပျော်ပျော်ကြီး နေလိုက်ပါ အမေ ..၇ာ စိတ်ညစ်စရာ ဆိုလို့ နည်းနည်းလေးတောင် ခေါင်းထဲ ထည့်မထားနဲ့ သိလား။ ကျန်းမာရေးကို ဂရုစိုက် မေကြီး ။ သားကတော့ မေကြီးသိတဲ့ အတိုင်း သိပ်မာတဲ့ ကောင် တော်ရုံနဲ့ တော့ဘာမှ မဖြစ်ဘူး။ ပြီးတော့ မေကြီး က သားရဲ့ စံပြ၊ သားရဲ့ သူရဲကောင်း၊ ဒီကမ္ဘာပေါ်မှာ အမေရှိနေသရ်ျ သား အင်အားတွေ အပြည့်ရှိတယ်။ သား က တစ်ခ်ုခု လုပ်ရင် အခက်အခဲ ၊ စိတ်အနှောက်အယှက်တွေ ကို ရင်ဆိုင်ပြီးမှ လိုချင်တာကို ရတဲ့ ဇာတာက ပါလာပြီးသား ဒါပေမယ့် သားက အမြဲ ကံကောင်းပါတယ်။ ဘယ်လောက် အခက်အခဲ ရှိရှိ သားလိုချင်တာကိုတော့ အမြဲရတက်ပါတယ်။ ခုလောလောဆယ်ဆယ်တော့ လိုချင်တာလဲ ဘာမှမရှိသေး သလို ဘာအခက်အခဲမှလည်း မရှိသေးပါဘူး။ အစစ အရာရာ အားလုံး အဆင်ပြေလျှက်ပါပဲ။ သား အမေ နဲ့ အိမ်ကိုတော့ တော်တော်လေး လွမ်းရပါတယ်။ ခုဆို တစ်နှစ်တောင် ပြည့်တော့မယ်နော်။ သား ပြန်လာရင် မေကြီး ကို အလည်ဖြစ်ဖြစ် ခေါ်နိုင်အောင် သား စီစဉ်လိုက်မယ်။ နောက်တစ်ခု က သား ဒီနိုင်ငံမှာဆက်နေဖြစ်မယ် ဆိုရင် သား ကျောင်းတစ်ခုခု ထပ်တက်ဖို့လိုမယ်။ ခုလောလောဆယ်တော့ ဘာမှမစဉ်းစားရသေးဘူး။
ဦးနှောက်ရော လူကိုရော အနားပေးထားတယ်။ နောက်နှစ် ကျရင်တော့ ကျောင်းစတက်မယ်လို့ စိတ်ကူးထားတယ်။
ဒါနဲ့ အမေ့ မွေးနေ့ အတွက် သား Platinum ဆွဲကြိုးလေးပို့ပေးလိုက်တယ်။ အမေကြိုက်မှာပါ လူကတော့ ရောက်မလာနိုင်တော့လို့ သား အဝေးကနေပဲ ကန်တော့လိုက်တယ် မေကြီး ။ မေကြီး …..စိတ်သွားတိုင်းကိုယ်ပါပြီး အမြဲ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ Birthday Wish အနေနဲ့ သား ဆုတောင်းပေးပါတယ်….
Happy Birthday ပါ မေကြီး …..

မေကြီးရဲ့ ချစ်ဆုံးသားလေး
(သား တေဇာ)

အဖိုးအတွက်......

အဖိုးရေ..
သားတေဇာ တသိတရနဲ့ စားရေးလိုက်ပါတယ်။ အဖိုးကျန်မာရေးကို ဂရုစိုက်နော်။ အဖိုးနေသိပ်မကောင်းဘူးလို့ ကြားတယ်။သား အရမ်းစိတ်ပူမိတယ်။ အဖိုး နေမြန်မြန် ကောင်းပါစေလို့ သားအဝေးကနေ ဆုတောင်းပေးနေပါတယ်။ သား အဖိုးနားမှာ ရှိမနေပေးနိုင်တာတော့ သားကိုခွင့်လွတ်ပါ အဖိုးရယ်။
အဖိုးလိုတာရှိရင်ပြောပါနော် သား ရအောင်လုပ်ပေးမယ်။ ဒါမှမဟုတ် မေကြီးကိုမှာ လိုတာတွေပြော ပေါ့ ။ ပိုက်ဆံတွေ နှမျောမနေနဲ့ သိလားသုံးတာသုံး ။ အရင်တုန်းက အဖိုးတို့ ၊အဖွားတို့ ပဲ သားလာပြီဆို မုန့်တွေ ၀ယ်ဝယ်ကျွေးရတယ်၊ သား ဖက်ဖို့ကာတွန်းတွေ ငှားပေးရတယ်၊ သား ကစားဖို့ ဂေါလီလုံးတွေ လိုက်ဝယ်ပေးရတယ်၊ သင်္ကြန်ဆို ရေပြွတ် ၀ယ်ပေးရတယ်၊ အအေးသောက်ချင်တယ်ဆိုရင် နေပူကြီးထဲ ရေခဲသွားဝယ်ပေးရတယ်၊ အဲဒီတုန်းက သား ငယ်သေးတယ်ဆိုပေမယ့် အားလုံးကိုမှတ်မိပါတယ်။ ပြီးတော့ အဖိုးက သားတို့ မြေးသုံးယောက် ရဲ့ ဒဏ်ကို တော်တော်လေးခံခဲ့ရတာနော်။ သား တို့မှာက မောင်နှမဆိုလို့ များများစားစားမရှိတော့ အဖိုးတို့ ဆီပဲလာပြီးတော့ ဗိုလ်ကျနေခဲ့ရတာ။ အဲနောက် သိပ်မကြာခင်မှာ အဖိုးတို့ဆီကို မြစ်တွေ ရောက်လာတော့မှာ အဖိုး အားမွေးထားနော်။ ဒါနဲ့ အဖိုးမှတ်မိသေးလား သားကို အဖိုးဘောင်းဘီတိုလေး (၂) ထည် ပေးဖူးတယ်လေ တစ်ထည်က နက်ပြာ၊ တစ်ထည်က စစ်ရောင်လေးလေ။ နက်ပြာကတော့ ရန်ကုန် အိမ်မှာကျန်ခဲ့တယ် စစ်စိမ်းရောင်လေးတစ်ထည်ကတော့ သား စင်ကာပူကိုရောက်တဲ့ ၀တ်နေတုန်းပဲ။ သားလည်း အဖိုးတို့ အဖွားတို့ကို ပြန်ပြီး ပြုစုစောင့်ရှောက်ချင်သေးတယ်။ သား နိုဝင်ဘာလ ကျရင်ပြန်လားနိုင်အောင် လုပ်နေပါတယ်။ အဲအချိန် ကျရင်အဖိုးကို (၇) ဈေးထဲမှာ မုန့်လိုက်ဝယ်ကျွေးမယ် သိလား။ ဘာစားမလဲ စဉ်းစားထားနော်။ အဖွား နဲ့ လည်း စကားတွေများပြီး ရန်တွေဖြစ်မနေနဲ့နော် တော်ကြာအဖွားက အဖိုးကို မချစ်တော့ဘူး ဆိုပြီး ထမင်းချက်မပေးရင် ကိုယ်တိုင်ချက်နေရဦးမယ်။ ပြောမယ့်တာပြောတာ အဖိုး နဲ့ အဖွားနဲ့ ရန်ဖြစ်ရင် ကြည့်လို့ကောင်းတယ်သိလား ကလေးတွေကြနေတာပဲ နှုတ်ခမ်းကြီးတွေ ဆူပြီးတော့လေ…ခုတော့ ရန်မဖြစ်နဲ့ ဦး သားတို့ မြေးတွေ အဖိုးအတွက် စစ်ကူရအောင် မြစ်လေးတွေ ပို့ပေးမယ် နော်။
အဖိုးကို သားအဝေးကနေပဲ ဦးချကန်တော့လိုက်ပါတယ်။ အဖိုး အပေါ် သားကာယကံ၊ ၀စီကံ၊ မမောကံ တို့ နှင့် ပြစ်မှားခဲ့ဖူးသည်ရှိတော် သားကို ခွင့်ပေးပါနော်.. အဖိုး..တကယ်လို့ သား အဆင်ပြေရင် အဖိုး နဲ့ အဖွားကိုခေါ် ပြီး စင်ကာပူမှာလျှောက်လည်းကျမယ်...အဲ အဖိုး သား တခုတော့ပြောထားမယ်နော် ဒီမှာ အဖိုးကြိုက်တဲ့ ကောက်ညှင်းပေါင်းတို့၊ ဗလာကျော်တို့ ၊မုန့်ဟင်းခါးတို့ ကောင်းကောင်းစားလို့ ရတဲ့နေရာမရှိဘူး အဖိုးရ…သား ပြန်လားရင်တော့ (၇) ဈေးထဲမှာ သားတို့ မြေးအဖိုးနှစ်ယောက်တည်း ဘယ်သူမှမခေါ်ဘူး သွားစားကြမယ်သိလား။ ဟို အငယ်မ နှစ်ယောက်က အစားပုတ်တယ် … အဖိုးမှာချင်တာရှိရင် မေကြီးနဲ့ မှာနော် အဖိုး..
မြေးတေဇာ.

Monday, May 4, 2009

မလေး ပွဲတော် တစ်ခု

Photobucket
မလေးရှားလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ရန်ကုန်မှာ နတ်ပွဲတွေ လုပ်သလိုမျိုးပေါ့..။ အစကတော့ ရိုးရိုးပျော်ပွဲ ရွှင်ပွဲ အကတွေ မှတ်လို့ သွားကြည့်တာ နောက်တော့ တော်တော် ကြမ်းလာတယ်။ ဆင်တူ ၀တ်စုံလေးတွေနဲ့ မိန်းကလေး ၁၀ ယောက်လောက်က မြင်းရုပ်တွေကို ခွစီးပြီးကနေရာက မျက်လုံးပြူးလာပြီး ဟိုပြေးဒီပြေးနဲ့ ၀ုန်းဒိုင်းကြဲတော့တာပဲ...ဘာငွေ့တွေလည်းမသိဘူး ၀ိုင်းရူရသေးတယ် ...
Photobucket
အဲဒီနောက် နတ်ဝင်သွားရော ဘာနတ်လည်းတော့ မသိဘူး...ကျွန်တော်ကိုယ်တိုင်ကလည်း နတ်တွေအကြောင်းသိပ်မသိဘူး...အိမ်မှာ ဆို အိမ်တွင်းနတ်တောင်မရှိဘူး... အမှန်တကယ်ဆို အဖေဘက် ရိုးရာက မြင်းဖြူရှင် ၊ အမေဘက်ရိုးရာက အမေနတ်ကရိုင်း ဒါပေမယ့် အဖေက ဘယ်နတ်တွေ မှအိမ်မှာမထားချင်ဘူးဆိုလို့ အိမ်မှာဆို ဘုရားစင် တစ်ခု နဲ့ ဆရာတော် ပုံတော်တချို့ပဲရှိတယ်...ဒါပေမယ့် အဖေက သူတင်ချင်တဲ့ နတ်တွေကျတော့ တင်ထားတယ်... ဆိုင်ကယ်ကဟာရော၊စက်ဘီးကဟာရော တခါတလေ လမ်းမှာတွေ့ ရင်တောင် ကောက်ချင်ကောက်လာသေးတယ်....အဲ မလေးနတ်ပွဲ အကြောင်းပြန်ဆက်မယ်...ဒီလို နတ်ဝင်ပြီးရော...နတ်ဝင်နေတဲ့ ကောင်မလေးတွေကို ရေတွေတိုက်ရတယ်(ပုံးလိုက်) ၊ ကွမ်းယာတွေ ကျွေးရတယ်၊ အဲ ဖန်မီးလုံးအကွဲတွေ ပါကျွေးတာဗျ၊ အုန်းသိး အစိမ်းတွေကို ပါးစပ်တွေနဲ့ ခွာပြီးစားကြတယ်..

Photobucket
ပြီးရင် ကွင်းလယ်မှာ ယောင်္ကျားကြီး ၃၊၄ ယောက်က ကြာပွတ်တွေနဲ့ တစ်ယောက်ချင်းစီကို ရိုက်တာ တအားကုန်ရိုက်တာ ၊ ကြာပွတ်ရိုက်သံတွေက တရပ်ကွက်လုံးဆူညံနေတာပဲ၊ အသံကြားတာနဲ့တင် ကြောစိမ့်စရာကြီးပါ၊။

Photobucket

သူတို့ကတော့ ချော့သိပ်နေသလားပဲ ခေါင်းလေးတရမ်းရမ်း နဲ့ နတ်ဝင်လို့ကောင်းနေတုန်းပဲ ကြည့်ရတာရိုက်တဲ့ လူတွေတောင်မောလို့ လူလည်းပြီးရိုက်ပေးရတယ်...အဲ ဒီမှာ နေရင်းထိုင်ရင်း ဘေးမှာရပ်ကြည့်နေတဲ့ လူတွေထဲက ကောင်မလေးတစ်ယောက်ကပါ မပြောမဆိုနဲ့ နတ်ဝင်ပြီး ကွင်းလယ်ပြေးဝင်သွားတယ်...ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ သောင်းကျန်းနေတာ..သူ့ကိုလည်း နတ်အဖွဲ့တွေထဲက မြင်းရုပ်တစ်ရုပ်ပေးလိုက်မှ နည်းနည်းငြိမ်သွားတယ်..

Photobucket
သူလည်း အရိုက်ခံရတာပဲ
Photobucket
ကြည့်နေတဲ့ ကျွန်တော်ပါ နည်းနည်း အံ့သြော်သွားတယ်..တော်ကြာ မတော်တဆ ငါပါ နတ်ဝင်နေရင် အလကားနေရင်း အရိုက်ခံနေရဦးမယ်ဆိုပြီး လာမယ့်ဘေးကွေ့ ပတ်ရှောင်လို့ အိမ်ပဲပြန်လာလိုက်တော့တယ်.....

Friday, April 3, 2009

ပူလာအူပင် ကျွန်းသို့..


စင်ကာပူကို ရောက်ကတည်းက ဟိုဟိုဒီဒီတော့ စနေ၊ တနင်္ဂနွေတိုင်းလျောက်သွားနေကျ.. ခရီးဝေးဆိုလို့ ဒါပထမဦးဆုံးပဲ (ပူလာအူပင် ကျွန်းသို့)...သူငယ်ချင်းတွေ ခေါ်သွားလို့ရောက်ဖူးသွားတာပါ...စက်လှေနဲ့သွားရတာ တစ်ယောက်ကို 2 SG$ ပေးရတယ်...စက်လှေတွေက ရန်ကုန်ကလိုမျိုးပဲ ဟိုးတုန်းက ဒီဇိုင်းတွေ...ဒါပေမယ့်တော်တော်မြန်ပါတယ်...

နာရီဝက်လောက် ကြာတော့ ပူလာအူပင်ကျွန်းကို ရောက်သွားရော..စက်ဘီးငှားရမယ်ဆိုလို့ 16sg$ ပေးပြီးငှားလိုက်တယ် (သူငယ်ချင်းတစ်ယောက်ကတော့ တနေ့လုံး အသွားအပြန်ပါ 3 sg$ ပဲ ကုန်မှာလို့ပြောပြီးခေါ်လာတာ:P အဲ ထမင်း၊ ကြက်သားတွေ ၊ပလာတာတွေ ၊ ယူလာပါတယ်... ကြက်ဥခေါက်မုန့်တွေလည်း ပါတယ် တစ်ပုံးကြီးပဲ စားလို့တောင်မကုန်လို့ တွေသမျှလူတွေ လိုက်ကျွေးတာတောင် မကုန်ဘူး တော်တော်များတာ..) စီးဘီးတွေ အားလုံးကတော့ ဂီယာ တွေပါတယ်...
သွားရင်းသွားရင်းနဲ့ ဘယ်သွားလို့ ဘယ်ရောက်နေလဲတောင် မသိတော့ဘူး ကျွန်းကြီးက တော်တော်ကျယ်တယ်... တချို့နေရာတွေဆိုရင် ဖုန်းလိုင်းတွေ တောင်ပျက်ကုန်တယ်...နေကလည်း အရမ်းပူတယ်...ထမင်းစားချိန်ရောက်တော့ ...မောမောနဲ့ စားစရာနေရာရှာတာ တော်တော်နဲ့ မတွေ့ဘူး အဲဒါနဲ့ တောထဲပဲ ၀င်စားခဲ့လိုက်တယ်...
ညနေ ၆ နာရီလောက်ကျတော့ ပြန်လာခဲ့ကြတယ် အားလုံးအေးအေးဆေးဆေးပါပဲ ...မောပြီးပင်ပမ်းနေကြတာတော့ အားလုံးပဲ..အဲ အဖက်တင်တာလေးတွေတော့ ရှိတယ် ကျွန်တော် ၀ယ်ထားတဲ့ အသစ်ဆက်ဆက် နေကာမျက်မှန်လေး ကျိုးသွားတယ်...စာကလေးတစ်ကောင်ကတော့ LG K 910 8 Mega pixels နဲ့ Mobile ကြီးကိုင်ပြီး ကျောက်တုန်းကြီးပေါ်က ချောလဲတာ သွေးတွေအများကြီးပဲ သွားပြီလို့ထင်လိုက်တာ တော်သေးတယ် (ဖုန်းလေးဘာမှဖြစ်မသွားလို့)ကျန်တာတော့ အားလုံးအဆင်ပြေပါတယ်...ပျော်ဖို့လည်းကောင်းပါတယ်..သူငယ်ချင်းတွေနဲ့ ဆိုတော့ ပင်ပမ်းရကျိုးလည်းနပ်ပါတယ်...ဒီလိုနဲ့ အိမ်ကို ပြန်ရောက်တော့ ည ၁၂ နာရီ...နောက်နေ့မနက် ထတောင်မထနိုင်ဘူး(အိပ်ရာထဲက):P.....

Tuesday, March 17, 2009

အိန္ဒ္ဒိယ Holy ပွဲတော်....

15.03.09 ,စနေနေ့က City Hall က ပြန်လာတုန်း သီချင်းသံတွေ နဲ့ ကကြခုန်ကြ နဲ့ အိန္ဒိယလူမျိုးတွေ ပျော်ပွဲရွှင်ပွဲလုပ်နေတာ တော်တော်လေးပျော်ဖို့ကောင်းမယ့် ပုံပါပဲ... ကျွန်တော်တို့ နှစ်ကူးသင်္ကြန် နှင့် နဲနဲ တူတယ်...ရေတွေနဲ့ ပတ်ကျတယ်...Temporary လုပ်ထားတဲ့ ရေကန်ထဲကမှာ ဆင်းကစားကြတယ်..ဆပ်ပြာမြုပ်တွေလား တော့မသိဘူး အမြုပ်တွေကို FAN နဲ့ တောက်လျှောက်မှုတ်ထုတ်ပေးနေတဲ့ စက်လည်းပါတယ်...အဲ ထူးဆန်းတာက ရောင်စုံအမှုန့်တွေနဲ့ ပတ်ကျတယ် သုပ်ကျတယ် တကိုယ်လုံးပေတူနေတာပဲ Color အစုံနဲ့ လူတွေ လေ..။ တီလုံးတွေကလည်း အရမ်းမြူတယ် က တာတွေလည်း ကြည့်လို့ကောင်းတယ်... အဲ ဒါနဲ့ ဘာလုပ်နေကြမှန်းတော့ သေသေချာချာမသိဘူး ...ကြည့်ကောင်းနဲ့တော့ ကြည့်နေလိုက်တယ်.. အစားအသောက်၊ အကျွေးအမွေးတွေလည်းပါတယ်...လမ်းကြုံလို့တွေရင် ၀င်ပြီး ကုန်းဆင်းလို့ရအောင်(ဒိုင်ဗင်ထိုးလို့ရအောင်) သတင်းပေးထားတယ်နော်.:P...တနင်္လာနေ့ ရုံးကိုရောက်တော့ Alugu ( အိန္ဒိယ- Site Supervisor )ကိုမေးကြည့်တော့ HOLY FESTIVAL လို့ခေါ်တယ် တဲ့.....