Saturday, November 27, 2010

Thursday, November 25, 2010

ဆန်းဆန်းပြားပြား ကျောက်တုံးကျောက်ဆောင်များ



ကမ္ဘာတစ်လွှားမှာ ထူးထူးခြားခြား ပုံသဏ္ဍာန်တွေကြောင့် ထင်ရှားကျော်ကြားတဲ့ ကျောက်တုံးတွေအကြောင်း ပြောပြချင်ပါတယ်ရှင်။ လူတွေရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝရဲ့ စွမ်းအားများကြောင့်စိတ်ဝင်စားဖွယ် ဆန်းဆန်းပြားပြား ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နေရာ အနှံ့အပြား ၁၀ နေရာက ဆွဲဆောင်မှုအား အကောင်းဆုံး ကျောက်တုံး ကျောက်ဆောင်များ အကြောင်းဖြစ်ပါတယ်.. အဲဒီ ကမ္ဘာတစ်လွှားက ထူးထူးခြားခြားအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ ကျောက်တုံးတွေထဲမှာ ကျွန်မတို့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးစေတီတည်ထားတဲ့ ကျောက်တုံးဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။


Golden Rock ( Myanmar)




ကြည်ညိုဖွယ်ရာ အဆင်းဖြင့် ကမ္ဘာ့အံ့ဖွယ် ကျိုက်ထီးရိုးစေတီတော်



ခပ်စောင်းစောင် အနေအထားဖြင့် မည်သည့် အထောက်အကူမှ မပါဘဲ သဘာဝရဲ့ ဆန်းကျယ်မှုဖြင့် ရပ်တည်နေသော စေတီတော်ကြီး



အဝေးက ကြည့်လျှင် လွမ်းမောဖွယ် တွေ့မြင်ရတဲ့ စေတီတော်


မွန်ပြည်နယ် ကျိုက်ထိုအနီးတွင် တည်ရှိပြီး နိုင်ငံခြားသားများက Golden Rock လို့ခေါ်ဆိုကြတဲ့ ကျိုက်ထီးရိုးစေတီဟာ တွေ့မြင်ရသူတိုင်း မအံ့သြဘဲ မနေနိုင်လောက်အောင် ထူးခြားတဲ့ ကျောက်တုံးစေတီတော် ဖြစ်ပါတယ်။ စေတီတော်
တည်ရှိရာ ကျောက်တုံးဟာ လုံးပတ် ပေ ၅၀ ကျယ်ဝန်းပြီး ဂရင်းနိုက်ကျောက် အမျိုးအစားဖြစ်ကာ စေတနာအလှူရှင်များက လှူဒါန်းတဲ့ ရွှေဆိုင်းများကြောင့် ကြည်ညိုဖွယ်ရာ ရွှေရောင်အဆင်းဖြင့် ၀င်းဝါနေပြီး စေတီတော်တစ်ဆူလုံးဟာ
ဥာဏ်တော်အမြင့် ၁၈ပေ ရှိပါတယ်… ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ စေတီဖြစ်ပြီး အံ့မခန်းဖွယ် ထူးခြားမှုတွေကြောင့် ပြည်တွင်း ဘုရားဖူးသူများနဲ့ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှု ကောင်းလှပါတယ်။
ကျိုက်ထီးရိုးစေတီဟာ ကြီးမားသော ကျောက်အစွန်းဖျားပေါ်မှာ ပြုတ်ကျလုတဲတဲ တည်ရှိနေပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံနိုင်သည့်နှယ် တည့်မတ်စွာ တည်ရှိနေတာ ဖြစ်ပါတယ်.. အဝေးက လှမ်းကြည့်လျှင် အောက်ကို ပြုတ်ကျ သွားတော့မည်ဟုပင် ထင်ရလောက်အောင် ထူးဆန်းဖွယ် ရှိနေပြီး အင်အား အနည်းငယ်လေးဖြင့် တွန်းလိုက်ရုံမျှနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေသော်လည်း ရာသီဥတုဒဏ်၊ လေဒဏ်၊မိုးဒဏ် မည်မျှပင် ပြင်းထန်သော်လည်း မည်သည့်
ထောက်ကူထိန်းမထားခြင်းမှ မပါဘဲ သဘာဝအတိုင်း ထိုကျောက်ဆောင် အစွန်းပေါ်မှာ ခိုင်ခိုင်မတ်မတ် တည်ရှိနေနိုင်တာကြောင့် ထူးခြားဆန်းပြားပြီး ကမ္ဘာကျော်ရခြင်းဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


The Wave (Arizona, USA)




တွန့်ကာ ကွေးကာ



လှိုင်းများ



ဒီလို ကပ်သီးကပ်သပ် လျှောက်ရပါတယ်.



အထပ်ထပ် အလွှာလွှာ





Coyote Buttes သဲကျောက်လွှာတွေဟာ အမေရိက၊ အရီဇိုးနားပြည်နယ်ရှိ ကော်ရိုရာဒို ကုန်းပြင်မြင့်ဒေသမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေလှိုင်းပုံ ကျောက်လွှာများဖြစ်ပြီး လှပဆန်းကျယ်သော အရောင်အသွေးများနဲ့ ထူးထူးဆန်းဆန်း
လှိုင်းတွန့်များလို အလွှာလွှာ အထပ်ထပ်နဲ့ ဖြစ်ပေါ်နေတာမို့ The Wave လို့ခေါ်ဆိုကြပါတယ်.. ခြေလျှင် တောင်တက် ခရီးဖြင့်သာ အဲဒီ ကျောက်လွှာတွေကို လှည့်ပတ်ကြည့်ရှုနိုင်ပြီး လှိုင်းတွန့်ကျောက်လွှာများဟာ ပတ်ပတ်လည် အနည်းဆုံး ၆မိုင်နီးပါး ကျယ်ဝန်းပြီး အမြင့်ဆုံးနေရာတွေဟာ ပေ ၃၅၀ ခန့် ရှိတယ်လို့ သိရပါတယ်.. တောင်တက်ဝါသနာပါသူများနဲ့ စွန့်စားခရီးသွားချင်သူများအတွက် စိတ်ဝင်စားဖို့ကောင်းလှတဲ့ နေရာတစ်ခု ဖြစ်သော်လည်း ၄င်းဒေသမှာ မည်သူမျှ
ညအိပ်ခွင့် မရှိဘဲ တောင်တက်အတွေ့အကြုံ မရှိသူများအနေနဲ့လည်း သွားဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်တဲ့ လမ်းပြတွေ ငှားပြီးမှ သွားရောက်သင့်တဲ့ ဒေသဖြစ်ပြီး ဆိုးဆိုးဝါးဝါး ခြောက်သွေ့လှတဲ့ ကန္တာရ ဒေသဖြစ်တာကြောင့် အစားအသောက်နဲ့ သောက်ရေကို ကိုယ်တိုင် သယ်ပိုးယူဆောင်သွားရတာ ဖြစ်ပါတယ်.. ဒါကြောင့် အဲဒီနေရာကို သွားဖို့အတွက်
ခွင့်ပြုချက်ရဖို့ လပေါင်းများစွာ ကြိုတင်ပြီး လုပ်ထားဖို့လိုပြီးတော့ ၀င်ကြေးမှာ လူတစ်ဦးကို ၇ဒေါ်လာသာ ဖြစ်သော်လည်း တစ်ရက်ကို လူ၂၀ဦးသာ ၀င်ခွင့်ရသော သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဒေသ ဖြစ်ပါတယ်.. စိတ်ဝင်စားသူ
များပြားလှသော်လည်း ကန့်သတ်နယ်မြေ ဖြစ်တာကြောင့် သွားရောက်ဖူးသူ အရေအတွက်မှာ နည်းပါးလှပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Ayers Rock (Australia)




အဝေးက မြင်ရတဲ့ ကျောက်ကြီး ဧရာ



ဇလုံတစ်လုံး မှောက်ထားသလို



ကျောက်တောင်ကြီးကို ကိုးကွယ်ကြတဲ့ Anangu ခေါ် ဌာနေ ဒေသခံတိုင်းရင်းသား မျိုးနွယ်စု





ကျောက်တောင်ကြီးကို အပေါ်စီးက မြင်ရပုံ



Ayers Rock ခေါ် Uluru ဧရာမ ကျောက်ဆောင်ကြီးဟာ သြစတျေးလျနိုင်ငံရှိ လွင်ပြင်ကြီးပေါ်မှာ အမြင့်ပေ ၁၁၄၂ ရှိပြီး လွင်ပြင်ကြီးထဲမှာ သူတစ်ခုတည်း ထီးထီးမားမား တည်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်တောင်ကြီးအဖြစ် ထင်ရှား ကျော်ကြားပါတယ်.. ကျောက်တောင်ကြီးရဲ့ လုံးပတ်ဟာ ၆မိုင်ခန့် ရှိပြီး ကြီးမားကျယ်ဝန်းတဲ့ ကျောက်ဆောင်ကြီး ဖြစ်တာကြောင့် ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ အားလုံးဟာ ၄င်းကျောက်ဆောင်ကြီးနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အလွန် သေးငယ်သွားတယ်လို့
ထင်ရပါတယ်.. အာရုံဦးအချိန်ကနေ ညနေဆည်းဆာချိန်ထိ နေအလင်းရောင်ပေါ်မူတည်ပြီး ကျောက်တောင်ကြီးဟာ အနီရောင်ကနေ အညိုရောင်ထိ အရောင်မျိုးစုံ ပြောင်းလဲမြင်တွေ့နိုင်ပါတယ်.. ၄င်းဒေသမှာ ရှေးဦးမဆွကတည်းက
နေထိုင်ခဲ့ကြတဲ့ Anangu လို့ခေါ်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တို့ရဲ့ အထွတ်အမြတ်ထား ကိုးကွယ်ကြတဲ့ ကျောက်တောင်ကြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူမျိုးစုတွေက သူတို့ အထွတ်အမြတ်ထားတဲ့ ဒီကျောက်တောင်ကြီးပေါ်က ခရီးသွားလေ့လာသူများ တက်ရောက် ကြည့်ရှုသွားလာကြတာကို ကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Stone Tree (Bolivia)




သစ်ပင်သဏ္ဍာန် ကျောက်တုံး



လေပြင်း မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကာ


ဒီကျောက်ဆောင်ကြီးကတော့ လူတွေရဲ့ ပယောဂကြောင့် မဟုတ်ဘဲ လေနဲ့ သဲတို့ရဲ့ အင်အားပြင်း တိုက်စားမှုကြောင့် သစ်ပင်ပုံသဏ္ဍာန် ဖြစ်ပေါ်လာတာမို့ Stone Tree ရယ်လို့ လူသိများပါတယ်.. ဘိုလီးဘီးယားနိုင်ငံနယ်စပ် အက်ကွေဒေါ ကုန်းပြင်မြင့်အနီး Siloli ကန္တာရထဲမှာ တည်ရှိပြီး ကမ္ဘာပေါ်က အလှဆုံး သဘာဝ ရှုခင်းတစ်ခုထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ကွင်းပြင်ကြီးထဲမှာ ထီးထီးမားမား တည်ရှိနေတဲ့ ကျောက်ဆောင်ကြီးရဲ့အလှက အံ့မခန်း ဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Mushroom Rock (Egypt)




မှိုပွင့်သဏ္ဍာန် ကျောက်ဆောင်



မနက်ခင်းရဲ့ အောက်မှာ


ကမ္ဘာပေါ်ရှိ ထင်ရှားတဲ့ ကျောက်ဆောင်တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ အီဂျစ်နိုင်ငံက မှိုပွင့်သဏ္ဍာန် ကျာက်တုံးဖြစ်ပါတယ်.. rock pedestals လို့လည်း ခေါ်ကြပြီး ၄င်းကျောက်ဆောင်ဟာ ရာသီဥတု အချိန်ကာလတို့ရဲ့ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာရတဲ့ သဘာဝတရားရဲ့ အလှပဆုံး ပုံသဏ္ဍာန်တစ်ခု ဖြစ်ပါတယ်.. ကန္တာရကြီးအတွင်းမှာ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ကျောက်ဆောင်တွေဟာ အထက်အောင် မတူညီတဲ့ လေပြင်းမုန်တိုင်းတို့ရဲ့ ပွတ်တိုက်မှုတွေကြောင့် ကျောက်ဆောင်အောင်ခြေက ပိုတိုက်စားခံရပြီး အပေါ်မှာ တော့ ကျယ်ပြန့်တဲ့ အခုလို မှိုပွင့်သဏ္ဍာန်များ ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Melting Shadows (Utah, USA)






လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀လောက်က အနယ်ကျပြီး ဖြစ်ပေါ်တည်ရှိခဲ့တဲ့ ပေပေါင်း ရာချီမြင့်မားတဲ့ သဲကျောက်လွှာတွေဟာ ရာသီဥတုဒဏ်ကြောင့် ပုံသဏ္ဍာန် အမျိုးမျိုး ဖြစ်ပေါ်လာကာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ နေရာဒေသများ ဖြစ်ပေါ် လာစေပါတယ်..အဲဒီထဲမှာမှ Melting Shadows လို့ခေါ်တဲ့ ကျောက်ဆောင်ကြီးဟာ နံမည်ကျော်ထင်ရှား လူသိများပါတယ်.. ၄င်းဟာအမေရိကား (Utah) ယူတားပြည်နယ် အမျိုးသား ဥယျာဉ်တွင်းမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး မြေမျက်နှာသွင်ပြင်တွေ ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. စတုရန်းမိုင်ပေါင်း ၁၃၀၀၀၀ ခန့် ကျယ်ပြန့်ပြီး ပုံသဏ္ဍာန်များစွာသော ကျောက်ဆောင်များ၊ တောင်ကုန်းများ၊ အပေါက်များကို တွေ့ရှိရနိုင်ပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Split Apple Rock (New Zealand)




ပန်းသီးထက်ခြမ်းခွဲ



ဘယ်သူကများ ခွဲထားတာပါလိမ့်


ဒီကျောက်ဆောင်ကိုတော့ ထက်ခြမ်းကွဲ နေတဲ့ ပန်းသီးသဏ္ဍာန် ဖြစ်နေတာမို့ Split Apple Rock လို့ခေါ်ကြပါတယ်။ တစ်စုံတစ်ယောက်က ပန်းသီးတစ်လုံးကို ဓားနဲ့ ထက်ပိုင်းပိုင်းထားသလို ထူးထူးခြားခြား ဖြစ်ပေါ်နေတဲ့ ဒီ ပန်းသီးကွဲ
ကျောက်ဆောင်ဟာ နယူးဇီလန်နိုင်ငံရဲ့ တောင်ဘက် Abel Tasman အမျိုးသား ဥယျာဉ်ကြီးမှာ တည်ရှိပြီး စိမ်းမြတဲ့ ခြုံပုတ်တွေ၊ ရွှေရောင်လွှမ်းနေတဲ့ သဲသောင်ကမ်းခြေ၊ ပြာလဲ့လွင်လွင် တည်ငြိမ်နေတဲ့ ရေပြင် တို့ကြောင့် လှပတဲ့ နေရာဒေသ ရှုခင်းတစ်ခုဖြစ်ပြီး လှေလှော်ကြသူများ၊ ငါးဖမ်း ၀ါသနာပါသူများ အတွက် အထူးကောင်းမွန်တဲ့ နေရာဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားများ အများအပြား စိတ်ဝင်တစား လာရောက် လည်ပတ်ကြတဲ့နေရာ ဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


The Pinnacles (Australia)




ထိုးထိုးထောင်ထောင် ထုံးကျောက်ဆောင်



ရှည်လိုက်တိုလိုက်


သြစတျေးလျနိုင်ငံ အရှေ့ပိုင်း Namburg အမျိုးသားဥယျာဉ် သဲကန္တာရထဲမှာ တည်ရှိတဲ့ ထုံးကျောက်လွှာတွေဟာ မိုးရေနဲ့ လေတို့ရဲ့ တိုက်စားမှုကြောင့် လှပတဲ့ ပုံသဏ္ဍာန်များ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်.. ဒီနေရာဒေသကို ၁၉၆၀ခုနှစ်အထိ ဘယ်သူကမှ မသိရှိတဲ့ သီးခြားနယ်မြေအဖြစ် တည်ရှိခဲ့သော်လည်း ယခုအခါမှာတော့ ခရီးသွားဝါသနာပါသူ ကမ္ဘာလှည့် တိုးရစ်များအတွက် စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုအားကောင်းတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော် ထင်ရှားလာပြီ ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ တစ်နှစ်ကို ၂၅၀၀၀၀ ခန့် လာရောက်ကြပြီး ကမ္ဘာပေါ်ရှိ ခရီးသွားလေ့လာစရာ နေရာများထဲမှာ အဓိက နေရာတစ်ခုအဖြစ် ပါဝင်လာပြီ ဖြစ်ပါတယ်.. နံမည်ကျော် ဟောလီးဝုဒ်မှ ရုပ်ရှင်ရိုက်ကူးသူများဟာလည်း ၄င်းဒေသသို့ ရုပ်ရှင်ဇာတ်ကားများ လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Perce Rock (Canada)




သဘာဝအတိုင်းဖြစ်နေတဲ့ စက်ခုံးပေါက်ကြီး



ညာဘက်ထိပ်မှာ ရှိနေတဲ့ ကျောက်ဆောင်က ယခင်အခါက တစ်ဆက်တည်းဖြစ်ပြီး နောက်ပိုင်းမှ ကွဲထွက်သွားတဲ့ ကျောက်ဆောင်ဖြစ်ပါတယ်


အခြား ထူးခြားထင်ရှားတဲ့ ကျောက်ဆောင် တစ်ခုက ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ် ကမ်းရိုးတန်းမှာ တည်ရှိနေတဲ့ Perce Rock ဖြစ်ပါတယ်.. ကမ်းခြေကို ဦးတည်ပြီး တည်ရှိနေတဲ့ အလွန်ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခု ဖြစ်ပြီး
ကျောက်ဆောင်ထဲမှာလည်း သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အမြင့်ပေ ၅၀ရှိ စက်ဝိုင်းခုံး သဏ္ဍာန်အပေါက်ကြီး ပါရှိပါတယ်.. ယခင်အခါက ၄င်း ကျောက်ဆောင်ကြီးမှာ စက်ဝိုင်းပုံ အပေါက်ကြီး ၂ခု ရှိခဲ့သော်လည်း ၁၈၄၅ခု ဇွန်လ ၁၇ရက်နေ့မှာ စက်ဝိုင်းခုံး အပေါက်ကြီးတစ်ခုဟာ ပင်မကျောက်ဆောင်ကနေ ကွဲအက်သွားခဲ့ကာ ယခုအခါမှာတော့ ကျန်ရှိနေတဲ့ စက်ခုံးပေါက်ကြီးဟာ
ဒီရေတက်ချိန်များမှာ ရွက်လှေတစ်စီး ဖြတ်သန်း သွားနိုင်လောက်အောင် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဒီရေကျချိန်များမှာတော့ ၄င်း ကျောက်ဆောင်ကြီးသို့ ခြေလျင်သွားရောက်နိုင်တယ်ကြောင်း သိရပါတယ်.. ကမ္ဘာ့အကြီးဆုံး သဘာဝ စက်ဝိုင်းခုံးကြီးတစ်ခု အဖြစ်ထင်ရှားပြီး Perce Rock ကနေဒါနိုင်ငံရဲ့ အံ့ဖွယ် ခုနှစ်သွယ်ထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Delicate Arch (Utah, USA)




စက်ခုံးပုံသဏ္ဍာန် ကျောက်ဆောင်



ရှေ့က လူအုပ်နဲ့ နှိုင်းကြည့်လိုက်ရင် ဘယ်လောက် မြင့်တယ်ဆိုတာ သိသာနိုင်ပါတယ်..


ထူးခြားတင်ရှားတဲ့ Delicate Arch ဟာ ကမ္ဘာ့အကျော်ကြားဆုံး Arches National Park တွင် တည်ရှိပြီး ၄င်း အမျိုးသားဥယျာဉ်သည်၇၃၀၀၀ ဧကအတွင်း သဘာဝအလျှောက် ဖြစ်ပေါ်နေသည့် ထူးခြားသော ကျောက်ဆောင်ပုံစံ၊
ပေါင်းကူးတံတားသဏ္ဍာန် ဖွဲ့တည်ပုံပေါင်း ၁၅၀၀ ကျော်ရှိကာ အရေအတွက်များပြားစွာ ဖြစ်ပေါ်တည်ရှိနေသောကြောင့် ကမ္ဘာ့အံ့ဖွယ်တစ်ပါးတွင် ပါဝင်နေခြင်းဖြစ်ပါတယ်… Park အတွင်း အထင်ကရ နေရာများဖြစ်ကြတဲ့ Balabce rock, Skyline Arch, Double Arch နှင့် Fiery Furnace သို့ စုစုပေါင်း ၄၁ မိုင်ရှိ ကတ္တရာလမ်းဖြင့် အလွယ်တကူ သွားလာနိုင်သော်လည်း Delicate Arch မှ Delicate Arch Viewpoint သို့ မြေပြင်လမ်းသာ ရှိပါတယ်.. ၄င်းအမျိုးအသား ဥယျာဉ်တွင်းရှိ Delicate Arch သည် သဘာဝ၏ ဆန်းကြယ်သော အကြောင်းတရားဖြင့် ဖြစ်ပေါ်တည်ရှိနေသော ပြယုဒ်တစ်ခုလည်း အဖြစ်တွေ့နိုင်ပါတယ်။ ယူတားပြည်နယ်ရဲ့ အမှတ်အသား (Land Mark) တစ်ခုလည်းဖြစ်ပြီး ခရီးသွားများအတွက် အထူးဆွဲဆာင်မှု ကောင်းလှသော ကျောက်ဆောင်ကြီး ဖြစ်ပါတယ်.. ခရီးသွားလာ လည်ပတ်သူ အများအပြား လာရောက်လေ့ရှိသောကြောင့် Arches National Park ဟာ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ၊ တရက် ၂၄နာရီ ၀င်ခွင့်ရှိပြီး visitor center တစ်ခုသာ ခရစ်စ်မတ်နေ့ တစ်ရက်မှလွဲကာ ကျန်သောရက်များမှာ နံနက် ၈ နာရီမှ ညနေ ၄:၃၀ အတွင်း သိလိုတဲ့ အချက်အလက်များကို မေးမြန်းစုံစမ်းနိုင်ကြောင်း
သိရပါတယ်။ နွေရာသီ၌ လာရောက်လည်ပတ်သူ များပြားချိန်တွင် ၀န်ထမ်းများက guide အဖြစ် နေ့အခါတွင် အဖွဲ့ငယ်များကို ဦးဆောင်၍ ဗဟုသုတအဖြစ် ရှင်းပြပြီး ညအခါတွင် မီးပုံပွဲများ ကျင်းပပေးလေ့ရှိကြပါတယ်။






စိတ်နှလုံး ငြိမ်းချမ်းကြပါစေရှင်။





www.missgreenlady.com


အချက်အလက်များကို ကူညီရှာဖွေပေးသော သူငယ်ချင်း SSY အား ကျေးဇူးအထူး တင်ရှိပါသည်။


Source and photos from http://www.funonthenet.in and Google