Saturday, August 28, 2010

လီကွမ်ယု၏ စင်္ကာပူ


    လီကွမ်ယု၏ စင်္ကာပူ

“ကျမသည် သူ၏ ဟောပြောမှုအားလုံကို ဖတ်ပြီး၊ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ကျမတို့ခေတ်တွင် သူသည် အထူးရှင်းလင်းစွာ ပြဿနာပေါင်းစုံကို ကိုင်တွယ်နိုင်ခဲ့သည်။ သူ တခါမျှ မမှားဖူးပါ။”

မာဂရက်သက်ချာ
(ဝန်ကြီးချုပ်၊ ယူနိုက်တတ်ကင်းဒမ်း)
(၁၉၇၉-၁၉၉ဝ)


‘တတိယကမ္ဘာမှ ပထမကမ္ဘာသို’့ သည် စင်္ကာပူ၏ သမိုင်း၊ လီကွမ်ယု၏ အတ္ထုပတ္တိဟု ဆိုရမည်။ စင်္ကာပူအကြောင်း ရေးလျှင် လီကွမ်ယုအကြောင်း ပါရ၏။ စင်္ကာပူနှင့် လီကွမ်ယုက တွဲ၍နေသည်၊ ခွဲ၍မရ။ စင်္ကာပူ၏ ဝိဥာဉ်သည် လီကွမ်ယု ဖြစ်နေပြီး၊ လီကွမ်ယု၏ ဘဝသည်လည်း စင်္ကာပူပင်ဖြစ်သည်ဟု ဆိုရမည်။

‘တတိယကမ္ဘာမှ ပထမကမ္ဘာသို့’  တွင် ကိုလိုနီခေတ် စင်္ကာပူ၊ ဖက်ဆစ်ဂျပန်အောက် စင်္ကာပူနှင့် စင်္ကာပူ လွတ်မြောက်ရေး လှုပ်ရှားမှု ပုံရိပ်များအား ရိပ်ကနဲ၊ ဖျတ်ကနဲ တို့ထိ၍ ပြထားပြီး၊ ၁၉၆၅ ခုနှစ် မလေးရှား ပြည်ထောင်စုမှ ခွဲထွက်ခဲ့ပြီးသည်နောက် စင်္ကာပူ၏ နိုင်ငံသစ် တည်ဆောက်မှု သမိုင်းခရီးကိုက ထူထူပိန်းပိန်း ဆေးသားခြယ်မှုန်း၍ ပြထားသည်။ ‘တတိယကမ္ဘာမှ ပထမကမ္ဘာ’ သို့   (သို့မဟုတ်) ဆင်းရဲခြင်းမှ လွတ်ကင်းရေးသို့။
(၂)

လီကွမ်ယု၏ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများက  ကျောင်းသားလှုပ်ရှားမှုများနှင့် ကျောင်းသား သမဂ္ဂ စင်မြင့်ဆီမှ စခဲ့ခြင်းမဟုတ်။ အလုပ်သမား သပိတ်များ၊ အလုပ်သမားသမဂ္ဂများမှ စတင်ခဲ့ခြင်း ဖြစ်သည်။

၁၉၅ဝ ခုနှစ်တွင် လန်ဒန်မှ ဥပဒေပညာရပ်အား သင်ယူခဲ့ပြီးသည့်နောက်တွင် လီကွမ်ယုသည် စကာင်္ပူသို့ ပြန်လာခဲ့၏။ လက်ဝဲယိမ်းသော အတွေးအမြင် အယူအဆရှိသည့် လီကွမ်ယုသည် စင်္ကာပူတွင် အလုပ်သမား လှုပ်ရှားမှုများ၌ တက်တက်ကြွကြွ ပါဝင်ခဲ့၏။ အလုပ်သမား သမဂ္ဂများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်၏။

၁၉၅၃ ခုနှစ်တွင် လီကွမ်ယုနှင့် သူ၏ ရဲဘော်များက အမျိုးသားလွတ်မြောက်ရေးအတွက် ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party – PAP) အား ထူထောင်ကြ၏။ ၁၉၅၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် စင်္ကာပူအစိုးရအဖွဲ့၌၊ PAP သည် လူထုထောက်ခံမှု အများဆုံးရပြီး၊ လီကွမ်ယုသည် ပထမဦးဆုံးသော စင်္ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံရ၏။

ထိုစဉ်က သူ၏ အသက်သည် ၃၅ နှစ်သာ ရှိသေး၏။ နိုင်ငံရေးရာသီဥတုက ‘ကြက်ဥရောင် တိမ်တောင်သဖွယ်’ ကာလ။ PAP သည် ကွန်မြူနစ်များနှင့် ညီညွတ်ရေးတပ်ဦး ဖွဲ့၏။ ညီညွှတ်ရေးတပ်ဦး ဆိုသော်လည်း စကတည်းမှ လမ်းခွဲရေးအတွက် ပြင်ဆင်လာခဲ့ကြသည့် ညီညွှတ်ရေးတပ်ဦးဖြစ်သည်။ တပ်ဦးအတွင်း တိုက်ပွဲက ပြင်းထန်းလာ၏။ နောက်ဆုံး ညီညွတ်ရေးတပ်ဦး ပြိုကွဲသွား၏။

၁၉၆၂ ခုနှစ်မှစ၍ လီကွမ်ယုသည် စင်္ကာပူ၊ ဘော်နီယို (ဆားဘား)၊ ဆာရာဝပ်နှင့် မလေးယားတို့အား စုပေါင်းပြီး မလေးရှား ပြည်ထောင်စုအား ဖွဲ့စည်းရန် မလေးရှား ခေါင်းဆောင်များနှင့် ဆွေးနွေး၏။ ဗြိတိသျှအာဏာပိုင်များနှင့် ညှိနှိုင်း၏။

အဆုံး၌ ၁၉၆၃ ခုနှစ်တွင် မလေးရှားပြည်ထောင်စုအား ဖွဲ့စည်းနိုင်ခဲ့ကြ၏။ ထိုကာလများအတွင်း၌ လီကွမ်ယုသည် ကြီးမားသည့် လူမျိုးရေး၊ အဓိကရုဏ်းများနှင့် ရင်ဆိုင်၍နေရ၏။ မလေးရှားရှိ အာဏာရ မလေးအစွန်းရောက်များ၏ ‘ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ်’ သည်လည်း မလေးလွှမ်းမိုးသည့် မလေးရှား ဖြစ်စေရန်သာ ကြိုးစားနေသည့်အတွက် လီကွမ်ယု၏ PAP နှင့် ပဋိပက္ခ ဖြစ်ရ၏။ ပဋိပက္ခများက တန့်မသွား၊ လျော့မသွား၊ တိုး၍သာ ကြီးထွားလာ၏။

အဆုံးတွင် အာဏာရ ‘ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ်’ သည် စင်္ကာပူအား ခွဲထွက်ရန် တောင်းဆိုလာကြ၏။ ခွဲရေးအတွက် ဖိအားပေးလာကြ၏။ ‘တွဲရေး၊ ခွဲရေး’ တွင် လီကွမ်ယုသည် ခွဲရေးမှတပါး အခြားလမ်း မရှိတော့။ ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှ စင်္ကာပူ ကတ္တီပါ လမ်းခွဲအခြစ် ခွဲထွက်ခဲ့ကြရ၏။
(၃)

လွတ်လပ်သည့် စင်္ကာပူနိုင်ငံသစ်တွင် လီကွမ်ယုသည် ဝန်ကြီးချုပ်အဖြစ်နှင့် တာဝန်ယူရ၏။ လူဦးရေ ၂ သန်း မျှရှိသည့် စင်္ကာပူကျွန်းက သဘာဝသယံဇာတ မရှိ။ သောက်သုံးရေကိုပင် ဝယ်ယူ၍ သုံးစွဲရသည့်အခြေ။ စင်္ကာပူသားတို့ လုပ်နိုင်မှ၊ ဖန်တီးနိုင်မှ ဖြစ်မည့် နိုင်ငံလေး ဖြစ်သည်။

လီကွမ်ယု၏ စကားအရ ဆိုရပါမူ စင်္ကာပူသည် နှလုံးသား မရှိသော ခန္ဓာကိုယ်ကဲ့သို့သော ကျွန်းလေးဖြစ်သည်။ ထိုစဉ်က အလုပ်လက်မဲ့နှုန်းက ၁၄ % ရှိပြီး၊ ရပ်တန့်မနေ တိုးများ၍ သာလာနေ၏။
‘Sunday Time သတင်းစာက ‘ပေါင်စတာလင် သန်း ၁ဝဝ ကျော် ရရှိနေသည့် ဗြိတိသျှ စစ်အခြေခံစခန်းများ ပိတ်သွားခဲ့လျှင် စင်္ကာပူစီးပွားရေးသည် ပျက်ယွင်းသွားမည်ဖြစ်သည်’ ဟု စိုးရိမ်ဖွယ်ရာ ရေး၏။

ထိုအခြေအနေနှင့်ပတ်သက်၍ လီကွမ်ယုသည် သူ၏ စာအုပ်တွင် ပြန်ပြောင်း၍ ထိုစဉ်က သူ၏ စဉ်းစားချက်အား ဖော်ပြ၏။

“ကျနော့်စိတ်ထဲတွင် မေးခွန်တခုတော့ ရှိနေသည်။ ဗြိတိသျှတို့သည် သူတို့၏ အခြေခံ စခန်းများကို မည်မျှကြာအောင် စင်္ကာပူတွင် ထားမည်နည်း။ ခွဲထွက်ခဲ့မှုကြောင့် သူတို့ ဆက်လက်ထားရှိမှု တိုတောင်းသွားမည်လား။ ဗြိတိသျှဝန်ကြီးချုပ် ဟာရိုဝီလ်ဆင်သည်ပင် သူ့ကို ကျောထောက်နောက်ခံပေးမည့် သူများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရလေပြီ။ ၎င်းသည် လေဘာအစိုးရအား မဲဆန္ဒရခြင်းငှာ မစွမ်းသာ။ သူတို့သည့် မဲဆန္ဒအောင်နိုင်ရေး အစီအစဉ်များတွင် သုံးရန် ငွေလိုနေသည်။

အရှေ့အာရှ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် တဦးတည်းသော အာမခံသူ၊ အမေရိကန်မှာ ဗီယက်နမ်တွင် ပြောက်ကျားစစ်ထဲ နက်ရှိုင်းစွာ နစ်မြုပ်နေ၏။ စင်္ကာပူကို ဗြိတိသျှတို့၏ အခန်းကဏ္ဍမှ တဆင့်လက်လွှဲယူရန် အမေရိကန်သည် အတော်ခဲယဉ်းနေ၏။ သြစကြေးလျနှင့် နယူးဇီလန်တို့ကိုလည်း အားကိုး၍မရ” (စာမျက်နှာ ၁၂ - မှ)
(၄)

လွတ်လပ်သော စင်္ကာပူနိုင်ငံတွင် အရေးတကြီး လိုနေသည်က အမိမြေအား ကာကွယ်ရေး ဖြစ်သည်။ ဝန်ကြီးချုပ် လီကွမ်ယု ဦးဆောင်သည့် စင်္ကာပူအစိုးရတွင် တပ်မတော်မရှိ။ စင်္ကာပူတွင် ရှိနေသည့် တပ်မ ၂ ခု က မလေးရှား ဗိုလ်မှူးချုပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည့် တပ်မများ ဖြစ်သည်။ ထိုတပ်မ ၂ ခုက မလေးရှားမှ မလေးရှား ဖြစ်နေပြီး၊ ကွာလာလမ်ပူသို့ တိမ်းညွှတ်နေသည်။ စင်္ကာပူအတွက် စိတ်မချရ။ စင်္ကာပူရှိ လက်နက်ကိုင် ရဲအများစုသည်လည်း မလေးရှားများသာ။

ဤတွင် စကာင်္ပူကာကွယ်ရေးအတွက် တပ်မတော်တရပ်အား အမြန်ဖွဲ့စည်းရမည်။ လီကွမ်ယူ၏ ရဲလေးဘော်အနက်မှ ‘ဂိုကင်ဆွိ’ သည် တပ်သစ်ဖွဲစည်းရေးအား တာဝန်ယူ၏။ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ၂ ခုအား ပေါင်း၍ ‘ဂိုကင်ဆွိ’ သည် စင်္ကာပူနိုင်ငံ၏ ကာကွယ်ရေး တပ်မတော်သစ်အား ထူထောင်သည်။ စင်္ကာပူ ကာကွယ်ရေးတပ်မတော် ထူထောင်ရေးအတွက် လီကွမ်ယုသည် အိန္ဒိယဝန်ကြီးချုပ် ‘လားလ်မဟာဒူရှပ်စတြီ’ နှင့် အီဂျစ်သမ္မတ ‘နာဆာ’ ထံသို့ စင်္ကာပူကာကွယ်ရေး တပ်မတော်တပ်မ ၅ ခုအတွက် အကြံပေးပုဂ္ဂိုလ်နှင့် ကမ်းရိုးတန်း ကာကွယ်ရေးအတွက် ရေတပ်မတော်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များအား ကူညီရန် အကူအညီတောင်း၏။ ‘ရှပ်စကြီ’ နှင့် ‘နာဆာ’ တို့ ၂ ဦးလုံးက လီကွမ်ယု၏ အကူအညီတောင်းခံမှုအား ငြင်းပယ်ခဲ့ကြသည်။ အိန္ဒိယနှင့် အီဂျစ်က မလေးရှားနှင့် သံတမန် မထိခိုက်လိုဟန်ရှိ၏။ မတတ်နိုင်။

နောက်ဆုံး အစ္စရေး၏ အကူအညီများနှင့်ပင် စင်္ကာပူတပ်မတော်အား ဖွဲ့စည်းတည်ထောင်ရန် ဆုံးဖြတ်ခဲ့ရ၏။ စင်္ကာပူ၏ ကာကွယ်ရေးတပ်မတော် တည်ဆောက်ရေးနှင့်ပတ်သက်၍ လီကွမ်ယုနှင့် ဂိုကင်ဆွိတို့ ၂ ဦးအကြား အမြင်သဘောထားချင်းက မတူကြ၊ ညှိနှိုင်းခဲ့ကြရ၏။

“ကင်ဆွိ၏ မူလအစီအစဉ်သည် ၁၉၆၆ မှ ၁၉၆၉ အတွင်း တပ်ရင်း ၁၂ ရင်းပါဝင်သော အမြဲတမ်းတပ်များကို ဖွဲ့စည်းရန် ဖြစ်၏။ ကျနော်ကမူ အမြဲတမ်းတပ်မကြီးတခုနှင့် ပြည်သူအများ ပါဝင်သော အရံတပ်များကို လေ့ကျင့်ဖွဲ့စည်းရေးကို ပို၍လိုလား၏။ ကင်ဆွိက တပ်ရင်း ၁၂ ရင်းဖွဲ့စည်းကာ တပ်ဖွဲ့ဝင်များကို သေချာစွာ လေ့ကျင့်ပြီးမှ အရပ်သားများကို လေ့ကျင့်ပေး၊ စစ်သင်တန်းပေးသင့်ကြောင်း ကျနော်ကို တင်ပြသည်။

ကျနော်ကတော့ တပ်ဖွဲ့ကြီးများ ဖွဲ့ရေးအတွက် ငွေကုန်ကြေးကျ သိပ်မခံလို၊ အမျိုးသား တပ်ဖွဲ့များကိုသာ ဖွဲ့လိုသည်။ အမျိုးသားရေး ဆောင်ရွက်ခြင်းသည် နိုင်ငံရေးနှင့် လူမှုရေး အကျိုးကျေးဇူးများ ရစေသည်။ ကင်ဆွိကမူ မလေးရှား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန် ခိုင်မာတောင့်တင်း၍ အမြဲတမ်းတပ်များ ရှိရေးများကိုသာ စစ်ရေးအမြင်အရ တင်ပြနေသည်။ ကျနော်က စင်္ကာပူတွင် ဗြိတိသျှနှင့် ဓနသဟာယတပ်များ ရှိနေသေးသရွေ့ မလေးရှားတို့ လာမတိုက်ပါဟု ပြောလိုက်သည်” (စာမျက်နှာ၂၂၊ ၂၃-မှ)

နောက်ဆုံးတွင်မူ စင်္ကာပူ၏ ကာကွယ်ရေးစီမံကိန်းတွင် ပြည်သူအများစု ပါဝင်သည့် တပ်ရင်း ၁၂ ရင်းအား ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြ၏။ ဤတွင် ပြဿနာက စင်္ကာပူရှိ တရုတ်လူမျိုးများ၏ သဘာဝဇာတိစိတ် ဖြစ်သည်။ တရုတ်လူမျိုးအများစုသည် စစ်မှုထမ်းခြင်းကို ရိုးရာအစဉ်အလာအရ မနှစ်သက်ကြ။ သူတို့တွင် ဆိုရိုးစကား အစွဲတခုရှိ၏။
“လူငယ်လူတော်တယောက်သည်၊ စစ်သားမဖြစ်။ သံမဏိကောင်း တချောင်းသည် သံချောင်း မဖြစ်စေရ။”

ဤအစွဲအား လျှော်ဖွတ်နိုင်မှသာလျှင် စင်္ကာပူ ကာကွယ်ရေးတွင် တပ်သားများ ရရှိနိုင်မည်။

“ကျနော်တို့၏ ပြည်သူများကို ပြည်သူ့တပ်မတော်ဖွဲ့စည်းရန် လိုအပ်ပုံကို ချပြရမည်။ ပြည်သူအများစုသည် စစ်မှုထမ်းခြင်းကို ရိုးရာအစဉ်အလာအရ မနှစ်သက်ကြ။ ဤစိတ်ဓာတ်ကို ပြောင်းလဲပေးရမည်။

ကျနော်တို့သည် အထက်တန်းကျောင်းတိုင်းတွင် အမျိုးသားဗိုလ်လောင်းတပ်ဖွဲ့နှင့် အမျိုးသား ရဲအရာရှိလောင်း တပ်ဖွဲ့များကို ဖွဲ့စည်းသည်။ သို့မှသာ မိဘများမှာ ရဲနှင့်တပ်ကို သူတို့၏ သားသမီးတွေအဖြစ် သဘောထားလာမည်။ တပ်သားများသည် မိမိတို့ကို ကာကွယ်သူများအနေဖြင့် ပြည်သူက အသိအမှတ် ပြုစေလိုသည်”

“ပြည်သူတို့အမြင်ကို ပြောင်းပစ်ချင်သည်။ ကျနော်တို့သည် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးများ၊ အရာရှိကြီးများ၊ ဝန်ထမ်းများအားလုံး လျပ်တပြက် အရာရှိသင်တန်းတက်ရ၏။ ရပ်ကွက်မြို့နယ် အသီးသီးတွင်လည်း တပ်သားသစ်စုဆောင်းရေး စခန်းများဖွင့်မည်။ တပ်သားသစ်များ စစ်ကားများပေါ် တက်ပြီး စစ်တန်းလျားသို့ မထွက်ခွာမီ၊ ဝန်ကြီးများ၊ အရာရှိကြီးများ၊ မြို့နယ်ခေါင်းဆောင်များက မိန့်ခွန်းစကားပြောကာ အားသစ်လောင်းပေးကြသည်။ စစ်ထဲဝင်သည့် အလုပ်သည် နှစ်မြို့စရာ မရှိဆိုသည့် ရိုးရာအစွဲကို တဖြည်းဖြည်း ကျနော်တို့ ဤသို့ ဖျောက်ဖျက်ခဲ့ကြ၏။

ပြည်သူတို့၏ အတွေးအခေါ်နှင့် သဘောထားတို့ကို ပြောင်းပစ်နိုင်မှသာ ကျနော်တို့သည် ဆွစ်ဇာလန်တို့လို၊ အစ္စရေးတို့လို ပြည်သူပါဝင်သော ပြည်သူ့တပ်မတော်ကြီး ထူထောင်လာနိုင်မည်။ ထိုသို့ ပြီးမြောက်ရန် ဆယ်စုနှစ်တခုကို လျာထားလိုက်သည်။”
(စာမျက်နှာ  ၂၁ -၂၂- ၂၃-မှ)


လီကွမ်ယုက တပ်မတော်အင်အားရှိရန် အဓမ္မ စစ်သားကောက်ယူစုဆောင်းသည့် နည်းအား မသုံးခဲ့။
(၅)

လွတ်လပ်ပြီးစ၊ စင်္ကာပူနိုင်ငံတော်သစ်တွင် အလုပ်လက်မဲ့နှုန်းသည် ၁၄ % မှ တနေ့တခြား မြင့်တက်၍နေ၏။ အင်ဒိုနီးရှားသည် စင်္ကာပူနိုင်ငံသစ်အား ထိပ်တိုက်ရင်ဆိုင်နေပြီး၊ စီးပွားရေးအရ ဆက်ဆံမှုအား ရပ်ဆိုင်း၍ထား၏။ မလေးရှားသည်လည်း စင်္ကာပူအား ကျော်၍ သူတို့၏ ကုန်သွယ်ရေးကို လုပ်ဆောင်နေသည်။ စင်္ကာပူဂိုဒေါင်များတွင် ရှိနေသည့် ရာဘာများ၊ ငရုတ်ကောင်းများသည် ယခင်ကကဲ့သို့၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပို့ကုန်အဖြစ် မတင်သွင်းရသဖြင့် စင်္ကာပူ ကုန်သွယ်ရေးသည် တန့်နေ၏။ အခြေအနေက ဓားသွားအပေါ် လျှောက်နေရသည့် အခြေအနေ။

ကိုလိုနီခေတ် စီးပွားရေးပုံသဏ္ဍာန်နှင့် စင်္ကာပူ၏ စီးပွားရေးအား လျှောက်လှမ်း၍ မရနိုင်သည်ကို လီကွမ်ယု သိမြင်၏။

“ကျနော်သည် စီးပွားရေးအမျိုးအစားသစ်ကို ဖန်တီးရမည်။ နည်းသစ်၊ စီမံကိန်းသစ်များကို ကြိုးစားစမ်းသပ်ရမည်။ စင်္ကာပူသည် အခြားနိုင်ငံများနှင့် မတူညီ။ ဟောင်ကောင်မှာလည်း ကျနော်တို့ကဲ့သို့ ကျွန်းနိုင်ငံဖြစ်သည်။ သို့သော် ၎င်းသည် ဗြိတိသျှတို့ လက်အောက်မှာ ရှိနေသေးသည်။ စီးပွာေးရးအရ ၎င်းသည် တရုတ်ပြည်၏ အစိတ်အပိုင်းတခု ဖြစ်နေသေးသည်။ တရုတ်နှင့် အရင်းရှင်ကမ္ဘာတို့၏ ကွန်မြူနစ်မဟုတ်သော နိုင်ငံများအတွက် ကုန်သွယ်ရေး အဆက်အသွယ်တခုအဖြစ် ဆောင်ရွက်နေပေသည်။ ပြဿာနပေါင်းစုံကို ထောက်ချင့်ကာ အရှေ့တောင်အာရှ၏ ကျွန်းမြို့နိုင်ငံတခုအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်နှင့် သာမန်အနေဖြင့်တော့ မဖြစ်ကြောင်း ကျနော်ကောက်ချက်ဆွဲမိသည်” (စာမျက်နှာ ၁၄ - မှ)

ပထမဦးစွာ စိန်ခေါ်ခြင်း ခံနေရသည့် အလုပ်လက်မဲ့ ပြဿနာအား ဖြေရှင်းရန် ငွေရင်းနှီးမြှုပ်နှံမှု နည်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ များရစေမည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖြင့် စတင်၏။ စင်္ကာပူ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့အား ဖွဲ့သည်။ ‘ရှောဘရားသား’ ရုပ်ရှင်လုပ်ငန်းပိုင်ရှင် ‘ရူမီရှော’ အား ဥက္ကဋ္ဌအဖြစ်ခန့်၍ တာဝန်ပေး၏။ ခရီးသွားလုပ်ငန်းက အလုပ်များစွာအား ဖန်တီးပေးနိုင်ခဲ့ပြီး ဝင်ငွေလည်း ရလာ၏။ အလုပ်လက်မဲ့ ပြဿနာက လျော့သင့်သလောက် လျော့သွား၏။

ပြီးလျှင် မော်တော်ကား၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြား၊ စသည့် အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းများ တပ်ဆင်သည့် စက်ရုံများ တည်ထောင်၏။ တိုင်းရင်းသား လုပ်ငန်းရှင်များအား လုပ်ငန်းများ တည်ထောင်ခွင့် ပေးပြီး၊ အလှကုန်၊ ခေါင်းလိမ်းဆီ၊ ခြင်ဆေးမှအစ ဟင်းသီးဟင်းရွက်များအထိ ထုတ်လုပ်စေ၏။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် လီကွမ်ယုသည် နယူးယောက်သို့ သွား၏။ နယူးယောက်ရှိ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံပြီး စကားပြော၏။

“၁၈၁၉ ခုနှစ်က လူ ၁၂ဝ သာရှိတဲ့ တံငါရွာလေးကနေ အခုလို လူ ၂ သန်းကျော် မှီတင်းနေထိုင်ကြတဲ့ မြို့ကြီးပြကြီးတခု ဖြစ်လာရတာဟာ ကုန်ပစ္စည်းနှင့် လုပ်အားကို တခြားနိုင်ငံတွေထက် ပိုဈေးသက်သာအောင် ပိုကောင်းကောင်း လုပ်နိုင်ခဲ့လို့ပါပဲ။ ဒီလိုမှ မဟုတ်ရင် စင်္ကာပူပျောက်သွားတာ ကြာပါပြီ”

လီကွမ်ယုက အခြားသော လွတ်လပ်ခါစ နိုင်ငံများမှ ခေါင်းဆောင်များကဲ့သို့ အကူအညီပေးရန် လက်ဖြန့်မတောင်း။ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးများက စင်္ကာပူသို့လာပြီး မလေ့လာနိုင်ကြ။ ဤအတွက် လီကွမ်ယုက သူတို့ရှိရာသို့ သွားရ၏။ သူတို့သိလိုသည်များအား ရှင်းပြရသည်။ အဆုံးတွင် အမေရိကန်တို့ စင်္ကာပူတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံလာခဲ့ကြ၏။ အမေရိကန် ရင်းနှီးမြှုပ်နှံမှုမှ အဆင့်မြင့် နည်းပညာများအား စင်္ကာပူသည် ရ၏။ အလုပ်လက်မဲ့ ပြဿနာသည်လည်း ပြေလည်သည်ထက် ပြေလည်လာခဲ့၏။

လီကွမ်ယု၏ ဒုတိယသေနင်္ဂဗျူဟာက ‘တတိယကမ္ဘာမှ ပထမကမ္ဘာအိုအေစစ်’ တည်ထောင်ရေး ဖြစ်သည်။

“စင်္ကာပူသည် ပထမကမ္ဘာ အဆင့်အတန်းမျိုး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ ခရီးလမ်းပန်း၊ လုံခြုံရေးတို့ လုပ်ပေးနိုင်ခဲ့လျှင် လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ မန်နေဂျာများနှင့် အခြားကျွမ်းကျင်သူများ၏ အခြေခံစခန်းဖြစ်ကာ စီးပွားရေးကို အားသွန်လုပ်နိုင်ကြမည်ဖြစ်၏။ ကျနော်တို့ပြည်သူများကို ထိုသို့ဖြစ်ရန် လေ့ကျင့်ပေးရမည်။ ပထမကမ္ဘာအဆင့်ကို အလုပ်အကျွေးပြုနိုင်ရန် အဆင့်မီ ပစ္စည်းများ နေရာတကာ တပ်ဆင်ပေးရမည်။ ဤသို့ဖြစ်ရန် ပြည်သူကို ပညာသင်ပေးရမည်။ ကျောင်းများ၊ လုပ်ငန်းခွင်များ၊ လူမှုရေးအဖွဲ့အစည်းများက ဤတာဝန်ကို ထမ်းဆောင်ရမည်။ ကျနော်တို့ နိုင်ငံတွင် သဘာဝသယံဇာတ မရှိ။ ပြည်တွင်းဈေးကွက် မရှိ၊ သို့သော် နိုင်ငံခြားသားများက စင်္ကာပူနိုင်ငံကို အခြေစိုက်ပြီး အကျိုးအမြတ်တွေရကြ၊ အောင်မြင်ကြလျှင် စင်္ကာပူကို လာရောက်အခြေစိုက်ကြမှာ သေချာတယ်” (စာမျက်နှာ ၃၈-မှ)

ဆယ်စုနှစ် ၃ စုအတွင်း လိကွမ်ယုသည် စင်္ကာပူအား ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်နိုင်ခဲ့၏။ တတိယကမ္ဘာ၏ ဆင်းရဲငတ်မွတ်မှု ဒုက္ခများအား ခဝါချပေးနိုင်ခဲ့၏။

သို့သော် စင်္ကာပူ၏ အနုပညာ၊ ယဉ်ကျေးမှု၊ လူမှုအဆင့်အတန်းများက ပထမကမ္ဘာသို့ရောက်ရန် နောက်ထပ်မျိုးဆက် တဆက်မှ ဆက်၍ ချီလှမ်းရပေဦးမည်။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုမှ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုဆီသို့

“အာရှတိုးတက်မှုအပေါ် ကျနော်၏ အတွေ့အကြုံများအရ အစိုးရကောင်းကောင်း ပေါ်ထွက်ရန် လူကောင်းများများ လိုမည်ဟူသော ကောက်ချက်ကို ဆွဲနိုင်ခဲ့သည်။ အစိုးရ၏ စနစ်က မည်မျှပင် ကောင်းနေစေကာမူ ခေါင်းဆောင်မကောင်းလျှင် ပြည်သူများ ဒုက္ခရောက်မည်သာ ဖြစ်၏။

ထိုနိုင်ငံများတွင် ပညာတတ် ကိုယ်စားလှယ်အမတ်များ ပါဝင်သော လူ့အဖွဲ့အစည်း မရှိ။ ပြည်သူတွင်လည်း အာဏာပိုင်ကို လက်ခံနိုင်မည့် ယဉ်ကျေးမှု အစဉ်အလာ၊ ဓလေ့အကျင့်မျိုး မရှိ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မည်မျှပင် ကောင်းနေစေကာမူ ထိုနိုင်ငံသည် ကျဆုံးရစမြဲပင် ဖြစ်သည်။ အခြေခံဥပဒေနှင့်အညီ မအုပ်ချုပ်သော ခေါင်းဆောင်များ ရှိသောနိုင်ငံသည် အဓိကရုဏ်းများ၊ အာဏာသိမ်းမှုများ၊ တော်လှန်ရေးများ၊ အဆက်မပြတ်ဖြစ်ကာ နိုင်ငံပြိုကွဲရစမြဲ ဖြစ်သည်” (စာမျက်နှာ ၄ဝ၄-မှ)

လီကွမ်ယုက သူ၏ စာအုပ်အား “ဤစာအုပ်ကို စင်္ကာပူနိုင်ငံသား လူငယ်မျိုးဆက်သစ်တို့ တည်တံ့ခိုက်မြဲရေး ရှင်သန်ကြီးထွားရေး၊ ကြွယ်ဝချမ်းသာရေးကို ရည်ရွယ်၍ ရေးသားပါသည်” ဟု အမှာစာတွင် နိဒါန်းစကားဆို၏။

စင်စစ်တွင်မူ လီကွမ်ယု၏ ‘တတိယကမ္ဘာမှ ပထမကမ္ဘာသို့” က  မိမိနိုင်ငံ၏ နိုင်ငံ့အရေးအား စိတ်ပါဝင်စားသည့် အာရှသားလူငယ် မျိုးဆက်သစ်များ အားလုံးသို့ လွှမ်းခြုံမှု ရှိနေသည်ဟု ဆိုရမည်။

mizzima news မှရယူပါသသည်။

လီကွမ်ယု၏ သား လက်ရှိ စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း Singapore's Prime Minister Lee Hsien Loong

Malacca Trip ( Malaysia) November 2009

ရန်ကုန်ကနေလေယဉ်လက်မှတ် အသစ်ဝယ်ပြီး အမှီ အပြေးပြန်ခဲ့ပြီး သွားခဲ့ရတဲ့ ခရီးစဉ်လေးပါ။ ရုံးဝန်ထမ်းတွေ အားလုံးက ခင်ဖို့ကောင်းပါတယ်... နှစ်ယောက်ပဲရှိပါတယ် ရုံးမှာ ကျွန်တော်နဲ့ အဆင်မပြေတာဆိုလို့ ... တစ်ယောက်ကတော့ ဒီခရီးစဉ်မှာ လိုက်ခွင့်မရရှာပါဘူး... ပျော်ရမလို စိတ်မကောင်းဖြစ်ပေးရမလိုပါပဲ... တစ်ယောက်ကတော့ ပါတယ်ဗျာ...သူမပါရင် ပွဲမစည်ဘူးဆိုတဲ့ အပျိုကြီးပေါ့... Miss ong ပါတဲ့ (ဒုတိယပုံ...ရှေဆုံး ထိုင်နေတဲ့ထဲက ဘယ်ဘက်အစွန်းက အန်တီပါ) အမြဲဒေါသထွက်ပြီး စိတ်မရှည်တက်တာလွဲရင် ကျန်တာတော့ ကောင်းပါတယ်။
စင်ကာပူကနေစထွက်ပြီး မလေးရှား ဂျဟိုးကမ်းခြေမှာ ကားတစ်စင်းလာကြိုတယ်... ဂိုက်တစ်ယောက်ပါတယ်... မလေးတရုတ်ပါတယ်... စကားပြောတော်တော်ကောင်းတယ် ... မနားပဲ ကိုတောက်လျောက်ပြောတာ ... သွားမယ့်နေရာနဲ့ ပတ်သတ်တာတွေနဲ့ တခြားအကြောင်းတွေပေါ့။

Malacca မြို့ကို ရုံးချုပ်က ၀န်ထမ်းတွေ အားလုံးနဲ့ အတူတူ သွားခဲ့တုန်းက။
အဖွဲ့လိုက် ဓါတ်ပုံတွေ အများကြီးရိုက်ဖြစ်တယ်... အနောက်က် Christ Church Melada ဘုရားကျောင်းကတော့ တစ်ခုတည်းတော့ ကျောင်းအဖြစ် မှတ်တမ်းတင်ထားတယ်လေ။ 1753 ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တာ တော်တော်လေး ထိမ်းသိမ်းထားရပုံပေါတယ်။ အထဲမှာ သင့်ရှင်းတယ် ရှေးဟောင်းပစ္စည်းတွေအများကြီးပြထားတယ်... ဒါပေမယ့် ဓါတ်ပုံရိုက်ခွင့်တော့ မပေးထားဘူး။
ဘုရားကျောင်းဘေးက ဈေးတန်းထဲမှာပါ။ ပျင်းနေရင် စကားလာလာပြောရှာတဲ့ အန်ကယ် Mani နဲ့ပါ။
Malacca ရဲ့ ပင်လယ်ဘက်ခံတပ်ပါ... တရုတ်တွေ တည်ဆောက်ခဲ့တာပါ။ သုံးထားတဲ့ အုတ်ပုံစံနဲ့ ဒီဇိုင်းတွေကတော့ ပိဿနိုးမြို့ဟောင်း (တောင်တွင်းကြီး) နဲ့ တော်တော်တူတယ်... တို့တပေါင်မင်း ဒီဘက်ကိုရောက်ခဲ့လားမသိပါဘူး။
Portuguese Ship Museum ပါ... ပေါ်တူဂီတို့ ပြန်လည်ထွက်ခွာသွားချိန်မှာ ကျန်ခဲ့တာပေါ့။ သဘောင်္ထဲဝင်လေ့လို့ရပါတယ် ... မူလအတိုင်းပြုပြင်မွမ်းမံထားတာပါတဲ့... ဂျက်စပဲရိုးရဲ့ ပုလဲနက် သဘောင်္လောက်တော့ မကြီးပါဘူး..။

ကားပေါကနေမြင်ခဲ့ရတဲ မြင်ကွင်းတစ်ခုပါ Melaka မြစ်ဘေးက ရှေးဟောင်းအိမ်တစ်ချို့။
ပျော်စီးလှေလေးတွေလည်းရှိပါတယ်...အလည်လာတဲ့ ခရီးသွားတော်တော်များများကတော့ Melaka ရောက်ရင် ဒီလိုလှေတွေနဲ့ အလှဆင်ထားတဲ့ ဆိုက်ကားတွေကို စီးရတာ သဘောကျကြပါတယ်တဲ့..။

နေလည်စာ အပြင်မှာဝယ်စားကြတယ်..ဘယ်ဘက်စွန်က Siam (ထိုင်း)ပြီးတော့ Mr.Lee , Mr.Tham သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းတွေပါ company စတည်ထောင်ကတည်းက အတူတူလုပ်လာကြတာပေါ့ ... ရာထူးအတူတူပါပဲ သူဥေးပြီးရင် သတို့က အခွင့်အာဏာအရှိဆုံးလူတွေပေါ့၊  နောက်တစ်ယောက်ကတော့ အိန္ဒိယကပါ V.mani ပါ(M&E engineer) ပေါ့
Renaissance Melaka Hotel..ပြန်ပြီး ဂိမ်းကစားကြတယ်
ညဘက် ဈေးတန်းတွေလျောက်သွား ကောင်းမယ်ထင်တာလေးတွေ ၀င်စားရင်းနဲ့ 


ကြည့်ပါဦး...ညနေကမြင်ခဲ့ရတာ့ မြစ်လေးက ညဘက်ဆို ပိုကြည့်လို့ကောင်းသလိုပဲ။
ညမအိပ်ခင် ဒေသခံ တွေကိုမေးကြည့်မိတယ် ကိုယ်ရောက်နေတဲ့ မြို့အကြောင်းကိုပေါ့...Malacca မြို့လို့ ခေါ်နေတဲ့ ဒီမြို့လေးရဲ့ နာမည်အရင်းကတော့ Melaka လို့ ခေါ်ပါတဲ့...ဒေသခံတွေပြောပြချက်ရတော့ စစ်ရှုံးလာတဲ့ မင်းသားတစ်ပါးက ဇီးဖြူသီးပင်(Melaka Tree) အရိပ်ခိုနားနေတုန်း ဒီမြို့ကိုစတွေ့ခဲ့လို့ပါတယ်တဲ့...ရာဇ၀င်ကတော့ အများကြီးပါပဲ ကွဲလွဲနေတာလေးတွေလည်း ရှိတယ်...နားလည်သလောက်ကတော့ ၁၃၃၉ ၀န်းကျင်လောက်က စတင်တည်ထောင်လာတုန်းက သာမန် တံငါရွာလေးပါပဲ...ဒါပေမယ့် စာအုပ်တွေထဲမှာရေးထားတာတော့ မလေးရှားနိုင်ငံရဲ့ ပထမဆုံးမင်းသား(Iskandar Shah) က Melaka ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ ရေကြောင်းကူးသန်းရောင်းဝယ်ရေးအတွက် အသုံးပြုခဲ့တဲ့ အခါ Melaka မြို့ကြီးဟာ တဟုန်ထိုး တိုးတက်ဖွင့်ဖြိုးလာပါတယ်... အဲနောက် ပေါတူဂီတွေကလည်း နယ်ချဲ့ရင်းနဲ့ ကမ္ဘာ့အရှေ့နဲ့ အနောက် ကုန်သွယ်မူ ဗဟိုအဖြစ် Melaka ကို သိမ်းလိုက်ပါတယ်...အဲလိုနဲ့ ၁၆၄၁ ခုနှစ်လောက်ထိ ကုန်သွယ်ရေး ဗဟိုအဖြစ် အသုံးပြုလာရင်း ပေါတူဂီတို့ ဒက်ခ်ျ ကို စစ်ရှံးခဲ့ပါတယ်... အဲနောက် ၁၇၉၅ ခုနှစ်မှာ ပြင်သစ်တို့ ရန်ကိုကာကွယ်ဖို့ Melaka ကို ဗြိတိသျှတို့ထံ ပေးအပ်လိုက်ရတယ်...အဓိကတော့ စစ်ဒဏ်ကိုတော်တော်လေးခံခဲ့ရပြီး... နယ်ချဲ့တွေ မျက်စိကျတယ်နေရာကောင်းတစ်ခုအဖြစ်ရှိနေခဲ့တာတော့ မလွဲသေချာပါပဲ... ဂျပန် ၊ တရုတ်နဲ့ တခြားနိုင်ငံတွေရဲ့ တိုက်ခိုက်မူအောက်မှာလည်းနေခဲ့ရပါတယ်တဲ့...အဲလိုနဲ့ စစ်အေးကာလရောက်ပြီး အနှောင်းပိုင်း ၁၉၈၉ အစပိုင်းမှာမှ လွတ်လပ်ရေးရခဲ့ပါတယ်... သမိုင်းမှတ်တမ်းတွေအရကတော့ မလေးရှားနိုင်ငံရယ်လို့ စတင်လာခဲ့သည်က Melaka မြို့ ရယ်ကစတင် ပေါထွန်းလာခဲ့တာပါတဲ့... နိုင်ငံတော်တော်များများအခြေခဲ့တဲ့ အတွက့် နိုင်ငံပေါင်းစုံရဲ့ ယဉ်ကျေးမူးအဆောက်အဦးတွေ စစ်ကာလအတွင်းတည်ဆောက်သွားတဲ့ ခံတပ်တွေ လက်နက်စင်တွေ မြို့ရိုးတွေ စစ်သဘောင်္တွေကတော့ ခုထိရှိသေးပါတယ်...ကဲ ဘာပဲဖြစ်ဖြစ် ဒီညအိပ်ပြီး မနက်ကျရင်တော့ အထင်ကရ နေရာတော်တော်များများကို သွားကြည့်ကြတာပေါ့...။
နှစ်ယောက်တစ်ခန်း စီစဉ်ပေးထားပါတယ်... Mr Tham ရယ် ကျွန်တော်ရယ်။
ရူခင်းတွေနဲ့ အခန်းလေးက နေချင်စရာပါ။
မနက်နိုးနိုးချင်း ပြတင်းတံခါးကနေမြင်ရတဲ့ မြင်ကွင်းလေးပါ။
ဟိုတယ်မှာ မလေးရိုးရာ မနက်စာပါတဲ့ စားလို့အဆင်ပြေပါတယ်...
မနက် ၉ နာရီလောက်မှာ မနက်စာစားပြီးတယ် ဟိုဖို့လာဖို့ပဲကျန်တော့တယ်...
ဒါကတော့ ဟိုတယ် အ၀င်ဝမှာ ကားဘေးမှာ အမှတ်တရပေါ့ ...
တရုတ်ဘုရားရှေ့ခိုးကျောင်းကိုလိုက်ပို့တယ်...သူများတွေ ၀ိုင်းမြှောက်ပေးလို့ စာချတာလုပ်လိုက်သေးတယ်...တစ်ခါမှမလုပ်ဖူးတော့ တော်တော်ခက်တယ် တူတွေက တစ်ချောင်းမှမထွက်လာဘူး အချိန်တောတော်ကြာကြာထိပေါ့...နောက်ဆုံးတော့ရပါတယ်... တစ်ချောင်း။
ရုံးကတစ်ရုပ်တွေများလို့လားမသိပါဘူး...နောက်တစ်ခုလိုက်ပြတယ်... တရုတ်မင်းတွေရဲ့ ရှေးတုန်းက အိမ်ကြီးတစ်ခုပေါ့...ညာဘက်က Kristin၊ နောက်ကျ  Garry တူတို့နှစ်ယောက်က ဖိလစ်ပင်းတွေပါ။ ဘယ်ဘက်ကတစ်ယောက်ကတော့ မလေးတရုတ်ပါ။
ဘာအတွက်ထားတာလဲတော့သိဘူး နံရံကျဉ်းကျဉ်းလေးနဲ့ နွယ်ပင်တွေကြားထဲကသွားရတာ နောက်တစ်အိမ်ကိုပေါ့။
ရာဇဝင်နဲ့ သမိုင်းကြောင်းတွေကို ပြတိုက်က ၀န်ထမ်းတွေက ရှင်းပြကြတယ်လေ။
လူနေမူ အပြင်အဆင်နဲ့ ရိုးရားတစ်ချို့ကို ပြသထားတဲ့နေရာပါ...
ဒါတော့ အရင်တုန်းက သတို့သမီးလောင်းကို ခေါဆောင်ကြတဲ့ ထမ်းစင်ပေါ့... ဘာလို့ သေးနေတာလဲမေးတော့ အရင်တုန်းက မိန်းကလေးတွေဟာ ၁၆နှစ်မပြည့်ခင် မင်္ဂလာဆောင်ရတယ်တဲ့
နောက်ခံအဆောက်အဦးတွေကတော့ ပေါတူကီတွေ တည်ဆောက်ခဲ့တဲ့ မြို့တွင်းခံတပ်ဟောင်းကြီးပါ။
အောက်ဆိုဒ်ရမလားလို့ ရထား စပါယ်ယာလုပ်လိုက်သေးတယ်။
Mr.Tham နဲ့ပါ တစ်ရုံးလုံးမှာ စိတ်အရှည်ဆုံးနဲ့ ပြဿနာပေါင်းစုံး လိုက်ရှင်းပေးတဲ့  MD ပါ။
ဈေးဝယ်လို့ အစုံဆုံးနေရာလို့ပြောကြတဲ့ ပါလာဝမ် ကုန်တိုက်

 ညစာစားချိန်ပါ...သူဥေးမိသားစုနဲပေါ့..။ Mr.Wong(civil senior Engineer) and his wife, Boss Wife and Boss, Boss's youngest son, Boss's elder son and his wife.

ဘီယာ ပူပူလေးနဲ့ ၀ိုင်နီနီလေး ရောသောက်လိုက်တယ်...ဟဟ( မျက်နာတွေ နီပြီတော့ နားရွက်တွေပူသွားတယ် @@@)

ဟာ !!! ပြန်ရတော့မယ်တဲ့ဗျာ...........


Friday, August 27, 2010